Google ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအစောပိုင်းကတည်းက Android 11 Stable OS Update ကို စတင်ထုတ်ပေးနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုအချိန်အထိ စမတ်ဖုန်းထုတ်လုပ်သူတွေအနေနဲ့ Android 11 Stable Update ကို ရရှိအောင် ဆောင်ရွက်နေရတုန်းပဲဖြစ်ပါတယ်။

အဆိုပါ စမတ်ဖုန်းထုတ်လုပ်သူတွေထဲမှာ Sony လည်း အပါအဝင်ဖြစ်ပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းကမှ Android 11 Update ရရှိမယ့် စမတ်ဖုန်းစာရင်းကို ဖော်ပြခဲ့တာဖြစ်ပါတယ်။ အခုလည်း အဆိုပါ Android 11 Update ရရှိမယ့်ဖုန်းတွေထဲက ယခုနှစ်မှာ Update ရရှိမယ့် တစ်ခုတည်းသော စမတ်ဖုန်းဖြစ်တဲ့ Xperia 1 II အတွက် Android 11 Update ကို စတင်ထုတ်ပေးနေပြီလို့ သိရပါတယ်။

ဒါပေမယ့်လည်း အဆိုပါ Android 11 Update ဟာ လောလောဆယ်မှာ တကမ္ဘာလုံးမှာ ရရှိဦးမှာမဟုတ်သေးဘဲ Taiwan Region တစ်ခုတည်းမှာပဲ ရရှိဦးမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ကျန်တဲ့ Region တွေအနေနဲ့ကတော့ နှစ်ကုန်ပိုင်းမှပဲ Update ရရှိသွားမယ်လို့ ယူဆရပါတယ်။

နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့ Taiwan Region အတွက် Android 11 Update ဟာ December 2020 Security Patch အစား November 2020 Security Patch ပဲ ထည့်သွင်းထားတာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် Android 11 OS Update နဲ့အတူ Feature အသစ်တွေပါ Update ရရှိလာတယ်လို့ သိရပါတယ်။

ဒါကတော့ Cinema Pro App ကနေ တစ်ဆင့် 4K 120fps Slow-motion Video Recording Feature ၊ Photo Pro App မှာ MR Mode အသစ်ပါဝင်လာတာနဲ့ Battery Care Feature ၊ Wi-Fi နဲ့ Hotspot ကို တချိန်ထဲမှာ အသုံးပြုနိုင်တာတွေအပြင် 5G + 4G Dual-SIM Standby Feature တွေပါ ရရှိလာမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Sony အနေနဲ့ Stock Android ဆန်တဲ့ UI ကို အသုံးပြုထားတယ်ဆိုပေမယ့် Android OS Update ပိုင်းမှာတော့ Samsung ထက်တောင် နောက်ကျနေပြီလို့ ပြောရမှာပါ။

Ref – Gizmo China