လက်ရှိအချိန်က Android 11 ကို ဖြန့်ချိနေတဲ့အချိန်ပါ။ စမတ်ဖုန်းအမှတ်တံဆိပ်အတော်များများရဲ့ ပရီမီယံမော်ဒယ်တွေမှာတော့ Android 11 အခြေခံ OS တွေ မောင်းနှင်နေကြပါပြီ။ ဒါပေမယ့် Mid-range နဲ့ Budget တွေမှာတော့ Android 11 ရဖို့ စောင့်ဆိုင်းနေကြတုန်းဖြစ်ပါတယ်။

တစ်ဆင့်ပြီးတစ်ဆင့် အရှိန်အဟုန်နဲ့ရှေ့ဆက်နေတဲ့ နည်းပညာနယ်ပယ်ကတော့ အခုကတည်းက Android 12 အကြောင်းကို ပြောနေပြီ ဖြစ်ပါတယ်။ Android 12 ဟာ အဆင်သင့်မဖြစ်သေးဘူးဆိုပေမယ့် အနာဂတ် OS မှာ ဘယ်လို Feature တွေကို မျှော်လင့်လို့ရမလဲဆိုတဲ့ သတင်းအစအနတွေကတော့ ထွက်ပေါ်လာပါပြီ။

စိတ်ဝင်စားစရာကောင်းတာက Android 12 မှာ Wi-Fi password ကို Nearby devices တွေနဲ့ ဝေမျှပြီးသုံးစွဲနိုင်မယ့် လုပ်ဆောင်ချက် ပါဝင်လာမယ်ဆိုတာပါပဲ။ ဒါကို “Share Nearby” function နဲ့ လုပ်ဆောင်နိုင်မယ်လို့လည်း ဆိုပါတယ်။ လက်ရှိ Android 10 အသုံးပြုသူတွေကတော့ Wi-Fi password ဝေမျှဖို့ QR code generated ထုတ်ရပါတယ်။ Android 12 မှာတော့ လိုအပ်တော့မှာမဟုတ်ပါဘူး။

Nearby Share အလုပ်လုပ်ဖို့အတွက် Device နှစ်ခုစလုံးမှာ Android 12 ရှိဖို့တော့ လိုအပ်မယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် ဒီလိုဝေမျှဖို့အတွက် ဘယ်လို စနစ်၊ ဘယ်လို Protocol ကို အသုံးပြုမလဲဆိုတာကိုလည်း မသိရသေးပါဘူး။ ဒါပေမယ့် နီးကပ်လာပြီဖြစ်တဲ့ Android 12 Developer preview မှာတော့ တွေ့မြင်သိရှိရမယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena