Android ကို ပူးတွဲ တည်ထောင်သူ Rich Miner က Bill Gates ကြောင့် Microsoft ဟာ စမတ်ဖုန်း ဈေးကွက်မှာ ဒေါ်လာ ၄၀၀ ဘီလီယမ်လောက် ဆုံးရှုံးသွားတယ်လို့ ပြောပါတယ်။ Bill Gates ကလည်း Android ကို ဆုံးရှုံးသွားတာဟာ ကုမ္ပဏီရဲ့ အကြီးမားဆုံး အမှားလို့ မကြာခင်က ပြောခဲ့ပါတယ်။ Miner က Gates ဟာ စမတ်ဖုန်း ဈေးကွက်မှာ Microsoft ကျရှုံးရတဲ့ အဓိက တရားခံ ဖြစ်တယ်လို့ ပြောပါတယ်။
Miner က ပီစီ ဈေးကွက်မှာလို မိုဘိုင်း ဈေးကွက်မှာ Microsoft လက်ဝါးကြီး မအုပ်နိုင်အောင် Android ကို ကူညီ ဖန်တီးခဲ့တယ်လို့ ပြောပါတယ်။ Microsoft ဟာ Windows Mobile Phone ကို ထုတ်လုပ်ရောင်းချခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
Miner က “ ဆောရီးပါ Bill ရေ။ သင်ဟာ မိုဘိုင်း ဈေးကွက်မှာ Microsoft ကို ဒေါ်လာ ၄၀၀ ဘီလီယမ် ဆုံးရှုံးစေသူ ပါ။ Android ဟာ မိုဘိုင်း ဈေးကွက်မှာ Microsoft ရဲ့ ကြီးစိုးမှုကို တိုက်ဖျက်ခဲ့တာပါ။ “ လို့ ပြောပါတယ်။
Microsoft ရဲ့ စမတ်ဖုန်း ဈေးကွက်ကို ဝင်ရောက်ဖို့ နောက်ကျတာက အဓိက အချက် ဖြစ်ပါတယ်။ Apple ဟာ ၂၀၀၇ ခုနှစ်မှာ iPhone ကို ရောင်းချခဲ့ပြီး Google က ၂၀၀၈ ခုနှစ်မှာ Android ဖုန်းကို ရောင်းချခဲ့ပါတယ်။ Microsoft က ၂၀၁၀ ခုနှစ်ကျမှ Windows Phone 7 ကို ရောင်းချခဲ့တာ ဖြစ်ပါတယ်။
Ref : mashable