တရုတ်နိုင်ငံရဲ့ နာမည်ကြီး အီလက်ထရွန်နစ်ကုမ္ပဏီကြီးတွေဖြစ်တဲ့ Anker နဲ့ Romoss တို့ဟာ သူတို့ရဲ့ Power Bank အလုံးရေ စုစုပေါင်း ၁.၂ သန်းကျော်ကို ဈေးကွက်ကနေ အရေးပေါ်ပြန်လည်သိမ်းဆည်းကြောင်း ကြေညာလိုက်ပါတယ်။ ဒါဟာ ဘက်ထရီဆဲလ်တွေရဲ့ အရည်အသွေးပြဿနာကြောင့် အပူလွန်ကဲပြီး မီးဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့အတွက်ကြောင့်ဖြစ်ပြီး၊ မကြာသေးမီနှစ်တွေအတွင်း တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး နည်းပညာထုတ်ကုန် ပြန်လည်သိမ်းဆည်းမှုတွေထဲက တစ်ခုဖြစ်လာခဲ့ပါတယ်။

Anker, Romoss recall over 1.2 million power banks amid fire risks | South China Morning Post

Anker ကုမ္ပဏီ၏ ပြန်လည်သိမ်းဆည်းမှု

တရုတ်နိုင်ငံ ဟူနန်ပြည်နယ် အခြေစိုက် Anker ကုမ္ပဏီက သူတို့ရဲ့ Power Bank မော်ဒယ် ၇ မျိုးကနေ အလုံးရေ ၇၁၂,၀၀၀ ကျော်ကို ပြန်လည်သိမ်းဆည်းကြောင်း သောကြာနေ့က ကြေညာခဲ့ပါတယ်။ ပြဿနာရဲ့ အဓိကအကြောင်းရင်းဟာ ဘက်ထရီဆဲလ် ထောက်ပံ့တဲ့ ကုမ္ပဏီတစ်ခုက “ခွင့်ပြုချက်မရှိဘဲ ကုန်ကြမ်းတွေကို ပြောင်းလဲအသုံးပြုခဲ့တာ” ကြောင့်ဖြစ်ပြီး၊ ဒါက Power Bank ရဲ့ ကာကွယ်မှုလွှာ (insulation) ကို ထိခိုက်စေကာ အကြိမ်ကြိမ်သုံးစွဲတဲ့အခါ အပူလွန်ကဲစေတယ်လို့ ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

Anker ဟာ တန်ဖိုး တရုတ်ယွမ်ငွေ ၁၅၀ (အမေရိကန်ဒေါ်လာ ၂၁ ခန့်) ရှိတဲ့ အဆိုပါ Power Bank မော်ဒယ်တွေကို ချက်ချင်းရောင်းချမှုရပ်ဆိုင်းလိုက်ပြီး သုံးစွဲသူတွေကို ငွေပြန်အမ်းခြင်း သို့မဟုတ် အသစ်တစ်ခုဖြင့် လဲလှယ်ခြင်းများပြုလုပ်ဖို့ တိုက်တွန်းထားပါတယ်။

Anker, Romoss recall over 1.2 million power banks amid fire risks | South China Morning Post

Romoss ကုမ္ပဏီ၏ ပြန်လည်သိမ်းဆည်းမှု

အလားတူပဲ ရှန်ကျန်းမြို့အခြေစိုက် Romoss ကုမ္ပဏီကလည်း သူတို့ရဲ့ Power Bank မော်ဒယ် ၃ မျိုးကနေ အလုံးရေ ငါးသိန်းနီးပါးကို ဘက်ထရီဆဲလ်ပြဿနာကြောင့်ပဲ ပြီးခဲ့တဲ့ တနင်္လာနေ့ကစပြီး ပြန်လည်သိမ်းဆည်းခဲ့ပါတယ်။ ဒီလိုပြန်သိမ်းဆည်းရတာဟာ ဘေဂျင်းမြို့က တက္ကသိုလ်အများအပြားမှာ Romoss Power Bank တွေ ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပြီးနောက်၊ တက္ကသိုလ်တွေက ကျောင်းသားတွေကို အဆိုပါ Power Bank များ ဆက်လက်မသုံးစွဲဖို့ သတိပေးချက်ထုတ်ပြန်ပြီးမှ ဖြစ်ပွားခဲ့တာပါ။

လက်ရှိအချိန်အထိတော့ ကုမ္ပဏီနှစ်ခုလုံးက အရည်အသွေးမပြည့်မီတဲ့ ဘက်ထရီဆဲလ်တွေကို ထုတ်လုပ်ပေးသွင်းခဲ့တဲ့ ကုမ္ပဏီ ရဲ့အမည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။

Ref: South China Morning Post