၂၀၁၉ ထဲမှာ PC နဲ့ Console ပလက်ဖောင်းတွေပေါ် တဟုန်ထိုးလူကြိုက်များလာပြီး Esports အသွင်ပြောင်းလာတဲ့ Apex Legends ဂိမ်းဟာ ၂၀၂၀ ထဲမှာတော့ ခြေလှမ်းပိုကြီးလာပြီး နိုင်ငံတကာအဆင့်ပြိုင်ပွဲတွေကို ပိုကျင်းပလာမယ့်အပြင် မိုဘိုင်းဖုန်းတွေမှာပါ ဆော့နိုင်တော့မှာပါ။

ဒါပေမယ့် ၂၀၂၀ ခုနှစ်ရဲ့ အစမှာပဲ ကိုရိုနာဗိုင်းရပ်စ်ရဲ့ဒဏ်ကို ခံရတဲ့ နည်းပညာကုမ္ပဏီတွေထဲ သူတို့လည်း ပါဝင်လာခဲ့ပြီဖြစ်ပြီး ပထမဆုံးအကြိမ်ကျင်းပမယ့် Apex Legends Global Series (ALGS) လို့ အမည်ပေးထားတဲ့ ပြိုင်ပွဲကြီးကို ရွှေ့ဆိုင်းလိုက်ရပါပြီ။

EA ကုမ္ပဏီက အကြောင်းကြားစာတစ်ခုကို ယနေ့ထုတ်ပြန်ခဲ့ပြီး သူတို့ရဲ့ ပထမဆုံး မေဂျာပြိုင်ပွဲကြီးကို ကျင်းပရက် မလွှဲမရှောင်သာ ရွှေ့ဆိုင်းလိုက်ရကြောင်း အသိပေးလာခဲ့ပါတယ်။ ဒုတိယတစ်ခုဖြစ်တဲ့ ALGS Online Tournament ကတော့ နဂိုသတ်မှတ်ထားတဲ့အတိုင်း မတ်လ ၂၁ – ၂၃ မှာ အွန်လိုင်းကနေ ဆော့ကစားရမှာပါ။

EA ဟာ လူကြိုက်များဘောလုံးအားကစားဂိမ်းတစ်ခုဖြစ်တဲ့ FIFA 20 အတွက် ဂိမ်းပြိုင်ပွဲတွေကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။ “ဒီလိုဆုံးဖြတ်ရတာ မလွယ်ပါဘူး၊ ဒါပေမယ့် ကြီးမားတဲ့ နိုင်ငံတကာပွဲတွေရဲ့ သဘာဝကို ကြည့်ရင် ဒီအပြောင်းအလဲကို ပြုမူတာက ဂိမ်း Community ရဲ့ ကျန်းမာရေးကို ကာကွယ်ဖို့ အကောင်းဆုံးပဲလို့ ယုံကြည်ပါတယ်” လို့ ဂိမ်းကုမ္ပဏီကြီးက ဆိုခဲ့ပါတယ်။

ဒီပြိုင်ပွဲတွေကိုကြည့်ဖို့ လက်မှတ်ဝယ်ထားသူတွေကို လက်မှတ်ခအပြည့်အဝပြန်ပေးသွားမှာဖြစ်ပါတယ်။ ဒီသတင်းဟာ တဟုန်ထိုး တိုးတက်လာတဲ့ Esports ကဏ္ဍအတွက် စိတ်ပျက်စရာသတင်းဖြစ်ပေမယ့် ထူးတော့ မထူးဆန်းတော့ပါဘူး။ ဂိမ်းပြပွဲပြိုင်ပွဲပေါင်းမြောက်များစွာကို COVID-19 ကြောင့် ဖျက်သိမ်းခဲ့ရပြီး အခုနှစ်အစောပိုင်းမှာ မြန်မာနိုင်ငံက Esports အသင်းတွေ သွားဆော့ရမယ့် ပြိုင်ပွဲအနည်းငယ်လည်း အလားတူကြုံတွေ့ခဲ့ရပါတယ်။

Ref – Dotesports