Apex Legends ဟာ Fortnite လိုမျိုးပဲ PC နဲ့ Console နယ်ပယ်မှာ အောင်မြင်မှုရရှိနေတဲ့ Battle Royale ဂိမ်းအမျိုးအစားဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက စတင်ပြီးတော့ Apex Legends ဟာ PC နဲ့ Console တွေတင်မဟုတ်ဘဲ စမတ်ဖုန်းတွေအတွက်ပါ Mobile Version အနေနဲ့ စမ်းသပ်ခဲ့ပါတယ်။

အဆိုပါ Apex Legends Mobile Version အတွက်ကိုတော့ PC နဲ့ Console Version ကို ထုတ်လုပ်ထားတဲ့ Respawn Entertainment အပြင် Tencent ကလည်း ပါဝင်ဆောင်ရွက်ထားတာဖြစ်ပါတယ်။ အစောပိုင်းအနေနဲ့ကတော့ တချို့သော Region တွေမှာပဲ Beta အနေနဲ့ ကန့်သတ်ပြီး ဆော့ကစားနိုင်အောင် ပြုလုပ်ထားတာလည်းဖြစ်ပါတယ်။

အဲ့ဒီနောက်ပိုင်း မတ်လမှာ စတင်ပြီးတော့ အစောဆုံးဆော့ကစားချင်တဲ့သူတွေအတွက် Pre-register ပြုလုပ်ခွင့် စတင်ပေးထားခဲ့ပြီး အခုအချိန်မှာတော့ တကမ္ဘာလုံးမှာ မေလနောက်ပိုင်းကျရင် တရားဝင်ဆော့ကစားနိုင်ပြီလို့ ကြေညာလိုက်ပါတယ်။

Apex Legends Mobile ဂိမ်းကို ဆော့ကစားဖို့အတွက်တော့ Android ဖုန်းတွေမှာ အနည်းဆုံး RAM 3GB လိုအပ်မှာဖြစ်ပြီး iOS Device တွေမှာတော့ RAM 2GB လိုအပ်မှာဖြစ်ပါတယ်။ Mobile Version ဖြစ်တာကြောင့် PC နဲ့ Console Version တွေနဲ့တူညီမှာတော့မဟုတ်ဘဲ First Person Mode အပြင် Third Person Mode ပါ ဆော့ကစားနိုင်မှာပါ။

ဘာပဲဖြစ်ဖြစ် PC ဒါမှမဟုတ် Console မှာ Apex Legends ကို ဆော့ကစားရတာ ကြိုက်နှစ်သက်တဲ့သူတစ်ယောက်ဆိုရင် မကြာခင်မှာ ကိုယ့်ဖုန်းမှာလည်း ဆော့ကစားနိုင်တော့မှာဖြစ်ပါတယ်။

Ref – Gizmo China