Apple ဟာ အိတ်စစ်ဆေးတဲ့မူဝါဒကြောင့် အချိန်ပိုကုန်ဆုံးခဲ့ရပြီး နစ်နာခဲ့ကြတဲ့ အလုပ်သမားတွေက တရားစွဲဆိုမှုကို ဖြေရှင်းဖို့အတွက် ဒေါ်လာသန်း ၃၀ ပေးဖို့ သဘောတူညီခဲ့ရကြောင်း Bloomberg က ဖော်ပြခဲ့ပါတယ်။ ဒီပြဿနာဟာ အခုမှဖြစ်တာမဟုတ်ဘဲ လွန်ခဲ့တဲ့ နှစ်အတန်ကြာကတည်းက ဖြစ်ပွားနေခဲ့တာပါ။

ဝန်ထမ်းတွေက လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ ပထမဦးဆုံးအကြိမ်အဖြစ် Apple ကို တရားစွဲဆိုခဲ့တာပါ။ ၈ နှစ်ကျော် တရားရင်ဆိုင်မှုအပြီးမှာ အခုရလဒ်ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ Apple ရဲ့ အငြင်းပွားဖွယ် အိတ်စစ်ဆေးခြင်းမူဝါဒကတော့ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ကတည်းက ရပ်ဆိုင်းခဲ့ရပါတယ်။

လက်လီဆိုင်ဝန်ထမ်းတွေဟာ လုပ်ငန်းခွင်ကနေ မထွက်ခွာခင်မှာ သူတို့ရဲ့ အိတ်တွေ၊ ပိုက်ဆံအိတ်၊ ကျောပိုးအိတ်၊ လက်ဆွဲအိတ်တွေနဲ့ Personal Apple devices တွေကို ရှာဖွေစစ်ဆေးခံရတာ ဖြစ်ပါတယ်။ ရှာဖွေမှုပြီးမြောက်ဖို့အတွက် ဝန်ထမ်းအချို့ဟာ ၄၅ မိနစ်လောက်စောင့်ဆိုင်းကြရပြီး၊ ဒီလိုအချိန်ပိုကုန်ဆုံးရခြင်းအတွက်လည်း Apple က ပေးချေတာ (အချိန်ပိုကြေးပေးတာ) မျိုး မပြုလုပ်ခဲ့ကြောင်း ဝန်ထမ်းတွေက ဆိုပါတယ်။

Apple ကတော့ ဝန်ထမ်းတွေက ကုမ္ပဏီရဲ့ထုတ်ကုန်တွေကို ခိုးယူခြင်းမပြုကြောင်းသေချစေဖို့ ပြုလုပ်ရတာဖြစ်တယ်လို့ ပြန်လည်ချေပပြောဆိုခဲ့ပါတယ်။ ပြဿနာက ဒီမူဝါဒအကြောင်းကို Tim Cook က သေချာမသိခဲ့တာပါပဲ။ ဝန်ထမ်းနှစ်ဦးက ဒီပြဿနာနဲ့ပတ်သက်ပြီး Cook ဆီကို တိုက်ရိုက် email ပို့ပြီးတိုင်ကြားတဲ့အခါ email ကို Cook က သူ့ရဲ့ HR အမှုဆောင်အရာရှိဆီ Forwarded လုပ်ပြီး “ဒါအမှန်ပဲလား” လို့ ပြန်မေးခဲ့ရတာ ဖြစ်ပါတယ်။

ဒီတရားစွဲဆိုမှုမှာ ကယ်လီဖိုးနီးယားက လက်ရှိနဲ့ အရင်က Apple store ဝန်ထမ်းပေါင်း ၁၂,၀၀၀ ပါဝင်တယ်လို့ သိရပါတယ်။ ဒီအတိုင်းဆိုရင်တော့ ဝန်ထမ်းတစ်ယောက်ကို နစ်နာကြေးအဖြစ် အများဆုံး ဒေါ်လာ ၁,၂၀၀ နီးပါး ရရှိကြဖွယ်ရှိပါတယ်။

Ref: 9To5Mac