Apple ဟာ သူ့ရဲ့ ထုတ်ကုန်သစ်တစ်ခု ဖြန့်ချိဖို့အချိန်ရောက်တိုင်း ထောက်ပံ့ရေးကွင်းဆက်တွေကြောင့် နောက်မကျဖို့ အာရုံစိုက်ရလေ့ ရှိပါတယ်။ အထူးသဖြင့် ကမ္ဘာ့ကပ်ရောဂါကာလ စတင်ပြီးနောက်ပိုင်းမှာ ပိုပြီးတော့ ဂရုစိုက်လာတာ တွေ့ရပါတယ်။ အခုလည်း တရုတ်ပြည်တွင်း ကပ်ရောဂါပျံ့နှံ့မှုကြောင့် အချိန်မမီမှာကို စိုးရိမ်နေတာပါ။

Apple သတင်းတွေကို လေ့လာသုံးသပ်တဲ့ Ming-Chi Kuo ကတော့ Apple ရဲ့ AirPods Pro 2 ထုတ်လုပ်ချိန်ဟာ လတ်တလောကြုံတွေ့နေရတဲ့ ထောက်ပံ့ရေးကွင်းဆက်ဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် နောက်ကျမှာစိုးရိမ်စရာမလိုဘူးလို့ အခိုင်အမာပြောဆိုလိုက်ပါတယ်။ အကြောင်းရင်းက ထုတ်လုပ်တဲ့နေရာကြောင့်ပါပဲ။

Apple ဟာ သူ့ရဲ့ထုတ်လုပ်မှုအချို့ကို ဗီယက်နမ်ဆီ ပြောင်းရွှေ့ထားပါတယ်။ ဒါဟာ COVID-19 အခြေအနေကြောင့် အကန့်အသတ်ရှိနေတဲ့ တရုတ်နိုင်ငံက ထုတ်လုပ်မှုတွေနဲ့ ကွာခြားနေတဲ့အခြေအနေလည်း ဖြစ်ပါတယ်။ ဒါကြောင့် AirPods Pro 2 တွေကို ဒီနှစ်ရဲ့ ဒုတိယနှစ်ဝက် တစ်ချိန်ချိန်မှာ သေချာပေါက် မိတ်ဆက်သွားမယ်လို့ ယုံကြည်ရပါတယ်။ အလုံးအရင်းလိုက် ထုတ်လုပ်မှုကိုလည်း မဝေးတော့တဲ့အချိန်အတွင်း စတင်လာဖွယ်ရှိပါတယ်။

ထွက်ပေါ်လာတဲ့သတင်းအရ AirPods Pro 2 ဟာ အားသွင်းဖို့အတွက် Lighting port ကို ဆက်ပြီးအသုံးပြုသွားမှာဖြစ်ပါတယ်။ ဒါကြောင့် USB-C နဲ့အစားထိုးတာက နောက်မျိုးဆက်တွေနဲ့မှ တွေ့မြင်ရမယ်လို့ Ming-Chi Kuo က ယုံကြည်နေပါတယ်။ Apple အနေနဲ့ iPhone 15 စီးရီးမှပဲ USB-C ကို စတင်အသုံးပြုမယ်လို့ Kuo က ဆိုထားနှင့်ပြီး ဖြစ်ပါတယ်။

Ref: GSM Arena