Apple ဟာ AirPower Wireless Charger ကိုထုတ်လုပ်ဖို့ ဆက်ပြီးကြိုးစားတော့မှာမဟုတ်ဘဲ၊ လုပ်ငန်းစဉ်ကိုလည်း ဖျက်သိမ်းလိုက်ပြီလို့ ပြီးခဲ့တဲ့နှစ်ဦးပိုင်းတုန်းက တရားဝင်ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုကြေညာပြီး ၁၈ လလောက်အကြာမှာတော့ Apple ဟာ Wireless Charger ကိစ္စကို အပြည့်အဝ ဖျက်သိမ်းလိုက်တာမဟုတ်ဘူးလို့ယုံကြည်ရတဲ့ ပေါက်ကြားမှုတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

အမေရိကန်အခြေစိုက် နည်းပညာကုမ္ပဏီကြီးဟာ Wireless Charger အချို့ကို မွမ်းမံပြင်ဆင် အဆင့်မြှင့်နေပြီး၊ ဒီထဲက တစ်ခုကတော့ ဗီဒီယိုဖိုင်နဲ့အတူ အွန်လိုင်းပေါ်မှာ ပထမဆုံးအကြိမ်အဖြစ် ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။ 9to5Mac ကတော့ ဒီဗီဒီယိုထဲက Device ဟာ Apple Wireless Charger ကိုရည်ညွှန်းနေတယ်လို့ ဆိုပါတယ်။

အခုတွေ့လိုက်ရတဲ့ Wireless Charger ဟာ လက်ရှိဈေးကွက်ထဲမှာရှိနေတဲ့ ပြိုင်ဘက်ကုမ္ပဏီတွေရဲ့ Wireless Charger တွေထက် အရွယ်အစားသေးငယ်တဲ့ပုံလည်း ဖြစ်ပါတယ်။ ဒီ Device ဟာ Third-party Accessory ပြုလုပ်သူတွေအတွက်၊ ဒါမှမဟုတ်၊ စီးပွားဖြစ်ဗားရှင်းအတွက် ရှေ့ပြေးပုံစံဖြစ်တယ်လို့ ထင်မြင်ယူဆရပါတယ်။

အကယ်၍ ရှေ့ပြေးပုံစံဖြစ်ရိုးမှန်ရင်တော့ AirPower Mini ဟာ သေးငယ်တဲ့ တည်ဆောက်မှုပုံစံနဲ့ဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ကောလာဟလတွေအရ Apple ဟာ အောက်တိုဘာလထဲမှာ မိတ်ဆက်မယ့် မျိုးဆက်သစ် iPhone 12 တွေရဲ့ ကျောဘက်ကိုယ်ထည်အောက်၊ အတွင်းဘက်မှာ သံလိုက်ကွင်းထည့်သွင်းထားမယ်လို့ သိရပါတယ်။

iPhone 12 Case တွေမှာလည်း လာမယ့် Wireless Charger တွေနဲ့ ကိုက်ညီမယ့် နည်းလမ်းတွေကို ထည့်သွင်းသွားဖို့ စဉ်းစားနေတယ်လို့ ကောလာဟလထွက်ထားမှုတွေလည်း ရှိနေပါသေးတယ်။ Apple ဟာ ကြိုးမဲ့အားသွင်းစက်နဲ့ပတ်သက်ပြီး တရားဝင်ထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးပေမယ့်လည်း Ming-Chi Kuo ကတော့ ကုမ္ပဏီအနေနဲ့ AirPower Mini လို့ အမည်ပေးထားတဲ့ သေးငယ်တဲ့ကြိုးမဲ့အားသွင်းစက်အတွက် အလုပ်လုပ်နေတယ်လို့ အရိပ်အမြွက်ပြောခဲ့ပါသေးတယ်။

အခုပေါက်ကြားလာတဲ့ AirPower Mini wireless charger ကို လာမယ့် အောက်တိုဘာလမှာ iPhone 12 စီးရီးနဲ့အတူ တရားဝင် ထုတ်ဖော်လာမလားဆိုတာကိုတော့ စောင့်ကြည့်ကြရဦးမှာ ဖြစ်ပါတယ်။

Ref: Gizmochina