Apple ဟာ iPhone 12 Series စမတ်ဖုန်းတွေကို ပြီးခဲ့တဲ့လတုန်းက တရားဝင်မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း မကြာခင်မှာ နောက်ထပ် Apple Product အသစ်တွေကို မိတ်ဆက်သွားတော့မယ့် ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် အခုအချိန်မှာ Apple ကနေ “One more thing” ဆိုတဲ့ ခေါင်းစဥ်နဲ့ လာမယ့်နိုဝင်ဘာလ ၁၀ ရက်နေ့မှာ Event တစ်ခုပြုလုပ်ဖို့ရှိနေတယ်ဆိုပြီး ကြေညာလိုက်တာကြောင့်ဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာ မိတ်ဆက်သွားမှာကတော့ WWDC Event တုန်းက Apple ကနေ ပြောကြားခဲ့ဖူးတဲ့ Apple Silicon Chipset ကို အသုံးပြုလာမယ့် MacBook အသစ်တွေဖြစ်လာနိုင်ပါတယ်။

Apple ဟာ ယခုအချိန်အထိ Mac ကွန်ပျူတာတွေအတွက် Intel Processor တွေကိုပဲ အသုံးပြုနေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ WWDC Event တုန်းကမှ iPhone နဲ့ iPad တွေလိုမျိုးပဲ ARM-based A Series Chip တွေကို ပြောင်းလဲအသုံးပြုတော့မယ်ဆိုပြီး ကြေညာခဲ့တာဖြစ်ပါတယ်။ ဖြစ်နိုင်တာကတော့ ယခုမိတ်ဆက်လာမယ့် MacBook အသစ်တွေဟာ iPad Air 4 နဲ့ iPhone 12 Series လိုမျိုးပဲ 5nm ကို အခြေခံထားတဲ့ A14 Bionic Chip ကိုပဲ အသုံးပြုလာနိုင်ပါတယ်။

ဒါပေမယ့်လည်း ဘယ် MacBook Model ကို Apple Silicon Chip အသစ်နဲ့ မိတ်ဆက်လာမလဲဆိုတာကိုတော့ အတိအကျမသိရှိရသေးပါဘူး။ ဖြစ်နိုင်ခြေများနေတာကတော့ MacBook Pro 13 နဲ့ MacBook Air သို့မဟုတ် 12-inch MacBook တွေကို မိတ်ဆက်လာနိုင်ပါတယ်။ အဆိုပါ Apple Silicon Chip နဲ့ MacBook အသစ်တွေဟာ စျေးနှုန်းအရတော့ Intel Processor အသုံးပြုထားတဲ့ Model တွေထက် သိသိသာသာ စျေးသက်သာမှာဖြစ်ပြီး စွမ်းဆောင်ရည်ပိုင်းမှာ ဘယ်လောက်ကွာခြားမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref – GSM Arena