Apple ဟာ Update မရတာ ကြာနေပြီ ဖြစ်တဲ့ App တွေကို App Store ကနေ ဖယ်ရှားဖို့ ကြိုးစားနေပါတယ်။ Apple က Developer တွေကို ပေးပို့တဲ့ အီးမေးမှာ ခေါင်းစဉ်ကို “App Improvement Notice” လို့ ရေးသားထားပြီး Apple ဟာ အချိန်အတော်ကြာ Update မပေးထားတဲ့ App တွေကို ဖယ်ရှားမှာ ဖြစ်ကာ Update လုပ်ဖို့ ရက် ၃၀ အချိန်ပေးထားပါတယ်။

Apple က အီးမေးမှာ “ သင့်ရဲ့ App ကို User အသစ်တွေ တွေ့မြင်စေချင်ပြီး Download လုပ်စေချင်ရင် ရက် ၃၀ အတွင်း Review လုပ်ဖို့ Update လုပ်ပေးရမှာပါ။ ရက် ၃၀ အတွင်း Update မလုပ်ပေးရင် ရောင်းချလို့ မရအောင် App Store ကနေ ဖယ်ရှားမှာပါ။ “ လို့ ဖော်ပြထားပါတယ်။ Apple က App Store ကနေ ဒိတ်အောက်နေတဲ့ App တွေကို ဖယ်ရှားမှာ ဖြစ်ပေမယ့် အရင်က Download လုပ်ထားတဲ့ သူတွေက သူတို့ရဲ့ Device တွေမှာ ဆက်လက် အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။

Protopop Games ဖန်တီးသူ Robert Kabwe လို App Developer များစွာက အဲဒီ ပြောင်းလဲမှုအတွက် စိုးရိမ်တဲ့အကြောင်းပြောနေကြပါတယ်။ Kabwe က တွစ်တာမှာ Apple ဟာ သူ့ရဲ့ စွမ်းရည် ပြည့်ဝတဲ့ ဂိမ်း Motivoto ကို ၂၀၁၉ ခုနှစ် မတ်လ ကတည်းက Update မလုပ်တဲ့အတွက် ဖယ်ရှားဖို့ ခြိမ်းခြောက်နေတယ်လို့ ရေးသားထားပါတယ်။

Apple ရဲ့ App Store Improvements Page မှာ “ App တွေရဲ့ အရည်အသွေးကို လေ့လာဆန်းစစ်မှာ ဖြစ်ပြီး စွမ်းရည် မပြည့်ဝတဲ့ App တွေ၊ Review Guideline တွေကို မလိုက်နာတဲ့ App တွေနဲ့ ဒိတ်အောက်နေတဲ့ App တွေကို ဖယ်ရှားမှာ ဖြစ်ပါတယ်။ “ လို့ ရေးသားထားပါတယ်။ ဖယ်ရှားမယ့် အချိန်ကိုတော့ အဲဒီမှာ မဖော်ပြထားသေးပါဘူး။

Ref : theverge