Apple ဟာ လာမယ့် စက်တင်ဘာမှာ iPhone 13 Series အသစ်တွေကို မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။ အဆိုပါ iPhone 13 Series ဖုန်းအသစ်တွေဟာ Design ပိုင်းပြောင်းလဲမှုတွေအပြင် Camera ပိုင်းနဲ့ 120Hz Display လိုမျိုး Feature အသစ်တွေပါ ပါဝင်လာမှာပါ။

အဲ့ဒီအတွက် Apple ကနေ iPhone 13 Series တွေဟာ ယခင်ထက်ပိုပြီးရောင်းအားကောင်းမယ်ဆိုတာကို လုံးဝယုံကြည်ထားပုံရပါတယ်။ ဘာကြောင့်လဲဆိုရင် ယခု ၂၀၂၁ ခုနှစ်မကုန်ခင်မှာတင် iPhone 13 Series အလုံးရေ သန်း ၉၀ ခန့်ထုတ်လုပ်ထားဖို့ကို ညွှန်ကြားလိုက်တာကြောင့်ဖြစ်ပါတယ်။

အခုသတင်းကိုတော့ နာမည်ကြီးသတင်းဌာနတစ်ခုဖြစ်တဲ့ Bloomberg ကနေ ပြောကြားခဲ့တာဖြစ်ပြီး Apple ဟာ iPhone 13 Series ထုတ်လုပ်မှုကို ယခင်မှန်းထားတဲ့ပမာဏထက် ၂၀ ရာခိုင်နှုန်းပိုမိုထုတ်လုပ်ဖို့ ညွှန်ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုမျိုး iPhone 13 Series ကို ပိုပြီးရောင်းချရမယ်လို့ ယူဆထားတာကလည်း 5G Network က နိုင်ငံအတော်များများမှာ အသုံးပြုနေပြီဖြစ်တာနဲ့ COVID-19 ကြောင့် ဖုန်းရောင်းအားကျဆင်းမှုတွေကနေ ပြန်လည်ကောင်းမွန်လာတာကြောင့်ဖြစ်ပါတယ်။

iPhone 13 Series ဖုန်းတွေဟာ iPhone 12 Series လိုမျိုးပဲ အမျိုးအစား (၄) မျိုးထွက်ရှိလာမှာဖြစ်ပြီး Screen Size အနေနဲ့ အတူတူပဲဖြစ်လာမယ်လို့သိရပါတယ်။ ဒါပေမယ့် iPhone 13 Pro Series ဖုန်းတွေမှာ 120Hz Display ပါဝင်မှာဖြစ်ပြီး Camera ပိုင်းကိုလည်း အဆင့်မြှင်တင်ထားမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Apple ကတော့ iPhone 13 Series ဟာ ရောင်းအားပိုင်းမှာ ကောင်းမွန်မယ်ဆိုတာကို ယုံကြည့်ချက်အပြည့်ရှိနေပုံပါပဲ။

Ref – 9to5Mac