Apple Car လို့ပြောလိုက်တာနဲ့ ပုံပြင်အဟောင်းကြီးပါလို့ အတော်များများကထင်ကြပါလိမ့်မယ်။ ဟုတ်လည်းဟုတ်ပါတယ်။ Apple Car အကြောင်းသတင်းထွက်ခဲ့တာက ကြာလှပြီဖြစ်သလို၊ တကယ်တမ်းဈေးကွက်ထဲမှာ မိတ်ဆက်မယ်ဆိုတဲ့အချိန်ကလည်း နောက်ထပ် ၂ နှစ်လောက်ကြာဦးမယ်လို့ ဆိုထားတာပါ။

ဒါပေမယ့်ထိုင်ဝမ်က EconomicDailyNews ရဲ့ ဖော်ပြချက်အရ Apple ဟာ သူတို့ရဲ့ လျှပ်စစ်ကားကို ၂၀၂၁ ခုနှစ် တတိယသုံးလပတ်ထဲမှာ ဖြန့်ချိလာနိုင်တယ်လို့ သိရပါတယ်။ ဒါဟာ ကနဦးစီစဉ်ထားတဲ့အချိန်ထက် ၂ နှစ်လောက်စောသွားတာလည်း ဖြစ်ပါတယ်။ ထိုင်ဝမ်က ထုတ်လုပ်ရေးနဲ့ ထောက်ပံ့ရေးကွင်းဆက်တွေဟာ Apple Car အတွက် အစိတ်အပိုင်းတွေကို လာမယ့်နှစ် ဒုတိယသုံးလပတ်မှာ ထောက်ပံ့နိုင်ဖို့ အလျင်လိုနေတယ်လို့ MacRumors ကဖော်ပြထားပါတယ်။

ပိုပြီးသေချာစေတာကတော့ ကုမ္ပဏီဟာ အမေရိကန်၊ ကယ်လီဖိုးနီးယားက လမ်းတွေပေါ်မှာ ဒါဇင်နဲ့ချီတဲ့ ရှေ့ပြေးပုံစံတွေကို စမ်းသပ်မောင်းနှင်နေတာပဲ ဖြစ်ပါတယ်။ Apple ဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက သူတို့ရဲ့ Self-driving ကားတွေကို စမ်းသပ်မောင်းနှင်ဖို့အတွက် ကယ်လီဖိုးနီးယား DMV ရဲ့ ခွင့်ပြုချက်ကို ရရှိခဲ့ပြီးဖြစ်ပါတယ်။ ဒါကို LiDAR နည်းပညာသုံးထားတဲ့ အခြားအမှတ်တံဆိပ်တစ်ခုက SUV ကားပေါ်မှာ ပထမဆုံးအနေနဲ့ တွေ့ရှိခဲ့ရပြီး ဖြစ်ပါတယ်။

ကနဦးသတင်းတွေမှာတော့ Apple Car ကို ၂၀၂၃ နဲ့ ၂၀၂၅ ခုနှစ်တွေရောက်မှ လမ်းပေါ်မှာ မြင်တွေ့ရဖွယ်ရှိတယ်လို့ ဖော်ပြခဲ့ကြတာပါ။ ဒါပေမယ့် ထိုင်ဝမ်ထုတ်လုပ်ရေးတစ်ခုက အမည်မဖော်တဲ့ ဒါရိုက်တာက Apple အနေနဲ့ လျှပ်စစ်ကားဖြန့်ချိမှုကို ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ စတင်ဖို့ရည်ရွယ်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။ အခုထွက်လာတဲ့သတင်းကို အတည်ပြုနိုင်ခြင်းမရှိသေးတာကြောင့် အနည်းငယ်တော့ စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

Ref: Gizmochina