Apple ထုတ်ကုန်တွေကို တရုတ်နိုင်ငံမှာပဲ တပ်ဆင်ထုတ်လုပ်တယ်လို့ဆိုနိုင်လောက်ပေမဲ့ ကုမ္ပဏီကတော့ သူ့ရဲ့ ရေရှည်ထောက်ပံ့ရေးကွင်းဆက်အတွက် နယ်မြေသစ်တွေရှာဖွေနေပြီဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ကမ္ဘာ့ကပ်ရောဂါကြောင့် အရှိန်လျှော့ထားခဲ့တာဖြစ်ပေမဲ့ အခုအချိန်မှာတော့ ပြန်လည်စတင်နေတာကိုလည်း တွေ့ရပါတယ်။

Apple ဟာ ၂၀၂၅ မှာ ကမ္ဘာ့ iPhone ထုတ်လုပ်မှုရဲ့ ၂၅% ကို အိန္ဒိယနိုင်ငံမှာပဲ ပြောင်းရွှေ့ထုတ်လုပ်ချင်ကြောင်း J.P. Morgan ကလေ့လာသုံးသပ်သူတွေရဲ့ အစီရင်ခံစာတွေကို ကိုးကားပြီး Reuters က ရေးသားဖော်ပြခဲ့ပါတယ်။ လက်ရှိ အိန္ဒိယရဲ့ ထုတ်လုပ်မှုဟာ ၅% အထိရှိနေတာလည်း ဖြစ်ပါတယ်။

iPhone တွေသာမက Apple ရဲ့ အခြားထုတ်ကုန်တွေဖြစ်ကြတဲ့ iPads, Apple Watches, AirPods နဲ့ Macs တွေအားလုံးရဲ့ ၂၅% ဟာ ၂၀၂၅ မှာ တရုတ်နိုင်ငံပြင်ပကို ပြောင်းရွှေ့သွားမှာဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ Apple ဟာ အိန္ဒိယမှာ ၂၀၁၇ ခုနှစ်ကတည်းက iPhone တွေကို ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

မူလက iPhone SE ကို အိန္ဒိယမှာ စတင်ထုတ်လုပ်ခဲ့ပြီး ဒေသတွင်းဈေးကွက်အတွက်ပဲ ရည်ရွယ်ခဲ့တာလည်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ မော်ဒယ်အသစ်တွေကိုပါ ထုတ်လုပ်ခဲ့ပြီး အခြားဈေးကွက်တွေကိုလည်း တင်ပို့လာခဲ့ပါတယ်။ Foxconn ဟာ လာမဲ့ ရက်သတ္တပတ်တွေအတွင်း အိန္ဒိယမှာ Vanilla iPhone 14 ကို စတင်ထုတ်လုပ်မယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena