Apple ဟာ သူ့ရဲ့ နောက်ဆုံးပေါ် iPhone တွေနဲ့ Watch 8 series တွေမှာ Device က ရုတ်တရက် ရပ်တန့်သွားရင် အရေးပေါ်ဝန်ဆောင်မှုတွေဆီ အလိုအလျောက်ခေါ်ဆိုနိုင်တဲ့ စွမ်းရည်ကို ထည့်သွင်းပေးထားပါတယ်။ ဒီလုပ်ဆောင်ချက်ကြောင့်ပဲ အမေရိကန်ရဲ့ နှင်းလျှောစီးမြို့တစ်မြို့ကနေ Crash notification ပေါင်း ၇၁ ခုအထိ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

The Colorado Sun ရဲ့ ဖော်ပြချက်အရ Apple ဟာ သူ့ရဲ့ Feature ကို ပြန်လည်စတင်နေပြီလို့ နားလည်ရပါတယ်။ Summit County 911 Center ပြောဆိုမှုအရ ဒီ အလိုအလျောက် ဖုန်းခေါ်ဆိုမှုအားလုံးဟာ တစ်ခုမှ အရေးပေါ်အခြေအနေမဟုတ်သလို၊ ဆေးကုသမှုလည်း မလိုအပ်ဘဲ နှင်းလျောစီးသူတွေက တောင်စောင်းတွေမှာ ရုတ်တရက်ရပ်တန့်လိုက်တာကြောင့်သာ ဖြစ်တယ်လို့ သိရပါတယ်။

iPhone 14 series မှာပါဝင်တဲ့ “Crash Detection” နဲ့ “Fall Detection” feature တွေဟာ 911 ကို အလိုအလျောက် ဖုန်းခေါ်ဆိုတာ ဖြစ်ပါတယ်။ အရေးပေါ်ဌာနက ဖုန်းပြန်ခေါ်ဆိုမှာဖြစ်ပြီး ဖုန်းခေါ်ဆိုသူက ပြန်မကိုင်ဘူးဆိုရင်တော့ သီအိုရီအရ သူတို့ဟာ မတော်တဆမှုတစ်ခုမှာ ပါဝင်ပတ်သတ်ခဲ့တယ်လို့ မှတ်ယူပါတယ်။ ဒါကြောင့် အရေးပေါ်ကားတစ်စီး စေလွှတ်ရမှာ ဖြစ်ပါတယ်။

Grand County, Vail Police Department နဲ့ Pitkin County တို့ဟာ တစ်ရက်ကို အနည်းဆုံး ခေါ်ဆိုမှု ကြိမ်ရေ ၂၀ ဝန်းကျင်လောက် လက်ခံရရှိတယ်လို့ သိရပါတယ်။ ဒီလိုဝင်လာတဲ့ ခေါ်ဆိုမှုတွေကို ပြန်ခေါ်ဆိုတဲ့အခါ မကြာခဏဆိုသလို နှင်းလျှောစီးသူတွေဖြစ်နေတတ်ကြပြီး ဖုန်းက သူတို့ရဲ့ အလွှာအထပ်ထပ်အဝတ်အစားတွေရဲ့ အိပ်ကပ်တွေထဲမှာရှိနေကြတာကြောင့် ဖုန်းပြန်မဖြေနိုင်ကြတဲ့အတွက် နောက်ဆုံးသိရှိထားတဲ့ iPhone ရဲ့တည်နေရာကို အရေးပေါ်ဝန်ထမ်းတွေ စေလွှတ်ရတာ ဖြစ်ပါတယ်။

ကယ်ဆယ်ရေးသမားတွေအနေနဲ့ ခေါ်ဆိုမှုတိုင်းဟာ အရေးပေါ်အခြေအနေ ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာကို မခွဲခြားနိုင်တာကြောင့် အကူအညီတောင်းခံမှုတွေကို ငြင်းပယ်ခဲတာလည်း ဖြစ်ပါတယ်။

Ref: GSM Arena