Apple ဟာ သူ့ရဲ့ နောက်ဆုံးကျန်ရှိနေတဲ့ iPod touch နဲ့ iPod line ကို ရပ်ဆိုင်းတော့မယ်လို့ ကြေညာလိုက်ပါပြီ။ iPod touch ဟာ ကုမ္ပဏီရဲ့ မီဒီယာပလေယာတွေထဲမှာ နာမည်ကြီးလိုင်းတစ်ခုလည်း ဖြစ်သလို နောက်ဆုံးလက်ကျန်မော်ဒယ်လည်း ဖြစ်ပါတယ်။ ဒါ ပေမဲ့ ထုတ်ကုန်ကိုတော့ ကုန်ပစ္စည်းထောက်ပံ့မှု သက်တမ်းကုန်ဆုံးချိန်မှာလည်း ရရှိနေဦးမယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုကျော်လောက်ကတည်းက စတင်ထုတ်လုပ်ခဲ့တဲ့ iPod ဟာ Walkman ရဲ့ ခြေရာကိုနင်းပြီး လူအများတေးဂီတနားထောင်တဲ့ပုံစံကို တော်လှန်ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ ဒီစီးရီးဟာ Original iPod, လူကြိုက်များတဲ့ iPod nano, အထင်ကရဖြစ်ခဲ့တဲ့ iPod Shuffle, ပြီးတော့ iPod touch စတာတွေနဲ့ မှတ်တိုင်တွေစိုက်ထူခဲ့တာလည်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Apple ရဲ့ ဖျော်ဖြေရေးထုတ်ကုန်တွေအဖြစ် အမြဲတမ်းအမှတ်ရစေမဲ့အရာတွေလို့ ဆိုနိုင်ပါတယ်။

Original iPod touch ကို ပထမဆုံး iPhone နဲ့အတူတူ ၂၀၀၇ ခုနှစ်မှာ စတင်ဖြန့်ချိခဲ့တာပါ။ မူရင်း iPhone လိုမျိုး Hardware နဲ့ Software အများစုမှာ တူညီကြပြီး ဖုန်းခေါ်ဆိုမှုပြုလုပ်နိုင်တဲ့ အစိတ်အပိုင်းတွေကိုပဲ ထုတ်နုတ်ထားတာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ iPod touch ဟာ ပြန်လည်ပြင်ဆင်မှုများစွာ ရရှိခဲ့ပါတယ်။ နောက်ဆုံးထွက်မော်ဒယ်ကို လွန်ခဲ့တဲ့ သုံးနှစ်နီးပါးဖြစ်တဲ့ ၂၀၁၉ မှာ ဖြန့်ချိခဲ့ပေမဲ့ အခုတော့ ထုတ်လုပ်မှုလိုင်းက ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။

ဘက်စုံသုံးနိုင်တဲ့ စမတ်ဖုန်းတွေကို မျက်စိကျရွေးချယ်နေကြချိန်မှာ အသံသီးသန့်အတွက်အသုံးပြုမဲ့ Device တွေအပေါ် လူတိုင်းရဲ့အကြည့်တွေက ကျရောက်မလာတော့ပါဘူး။ Apple ကိုယ်တိုင်ကလည်း iPod touch ကို အချိန်အတော်ကြာ Update လုပ်ဖို့ စိတ်ဝင်စားမှုက သိသိသာသာပျောက်ဆုံးနေခဲ့တာပါ။ အချိန်အတော်ကြာပြီးမှ ရပ်ဆိုင်းလိုက်တာလို့လည်း ဆိုနိုင်ပါတယ်။

ခေတ်ရဲ့တောင်းဆိုမှုအရ ဒီထုတ်ကုန်ဟာ ဝယ်လိုအားနည်းလာပြီဖြစ်သလို တစ်ဘက်မှာလည်း ထုတ်လုပ်မှုကုန်ကျစရိတ်က မြင့်တက်လာတဲ့အတွက် ဆက်လက်ပြီးထုတ်လုပ်နိုင်ဖို့ ခက်ခဲလာဖွယ်ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဂီတချစ်သူတွေ၊ Apple Fan တွေအတွက် iPod တွေတိုင်းဟာ မှတ်ဉာဏ်ထဲကနေမေ့ပျောက်သွားနိုင်မယ် မထင်ပါဘူး။

Ref: GSM Arena