Apple သတင်းတွေကို အစဉ်တစိုက်လေ့လာဆန်းစစ်နေတဲ့ Ming-Chi Kuo က ဝမ်းနည်းစရာသတင်းတစ်ခုကို တွစ်တာမှာ လွှင့်တင်လိုက်ပါတယ်။ ဒီသတင်းဟာ ထုတ်လုပ်မှုနယ်ပယ်နဲ့ နည်းပညာလောကသားတွေအတွက် အထူးအဆန်းမဟုတ်ပေမဲ့ Apple fan တွေအတွက်တော့ ဝမ်းနည်းစရာဖြစ်မယ်လို့ ဆိုနိုင်ပါတယ်။

“ကျွန်တော့်ရဲ့ နောက်ဆုံးဆန်းစစ်သုံးသပ်ချက်အရ Apple ရဲ့ iPhone 5G modem chip development ဟာ မအောင်မြင်ဘူးလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် Qualcomm ဟာ ၂၀၂၃ ဒုတိယနှစ်ဝက်ရဲ့ iPhone သစ်တွေအတွက် 5G chips တစ်ဦးတည်းသောထောက်ပံ့သူအဖြစ် ဆက်လက်ကျန်ရှိနေဦးမှာဖြစ်ပါတယ်။ ဒါဟာ 100% supply share ဖြစ်ပါတယ်” လို့ Kuo က ရေးခဲ့တာ ဖြစ်ပါတယ်။

Apple ဟာ Qualcomm နဲ့ ညှိနှိုင်းစာချုပ်ချုပ်ဆိုနေရခြင်းကနေ ရပ်တန့်နိုင်ဖို့အတွက် ကိုယ်ပိုင် ဒီဇိုင်းနဲ့ 5G modem တွေကို ပြုလုပ်နိုင်ဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။ Qualcomm နဲ့ လုပ်ကိုင်ရတာ ခက်ခဲလာတဲ့နောက် လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် တုန်းက Apple ဟာ Intel ရဲ့ Smartphone Modem Business ကို ဒေါ်လာ ၁ ဘီလီယံအသုံးပြုပြီး ဝယ်ယူခဲ့ပါတယ်။ iPhone တွေအတွက် ကိုယ်ပိုင် 5G modem ပြုလုပ်နိုင်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

Intel ရဲ့ Smartphone Modem Business ကို ဝယ်ယူလိုက်ခြင်းဟာ Apple Music အဖြစ်အသွင်ပြောင်းလိုက်တဲ့ Beats Audio ကို ဒေါ်လာ ၃ ဘီလီယံနဲ့ဝယ်ယူခဲ့ပြီးနောက် ဒုတိယမြောက် အကြီးမားဆုံးဝယ်ယူရင်းနှီးမြှုပ်နှံမှုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ Intel ဟာ Qualcomm နေရာမှာ အစားထိုးမဲ့ 5G modem ဖန်တီးခြင်းမှာ အခက်အခဲတွေ ကြုံတွေ့နေရတယ်ဆိုတာ ထင်ရှားနေပါတယ်။

Kuo ရဲ့ Tweet အရဆိုရင် Apple ဟာ အခုအချိန်အထိ 5G smartphone modem အတွက် ပြီးပြည့်စုံခြင်းမရှိသေးဘူးလို့ ယုံကြည်ရပါတယ်။ ဒါကြောင့် Apple အနေနဲ့ 5G modem chip လိုအပ်ချက်အတွက် Qualcomm ကို မှီခိုအားထားနေရဦးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ Apple အနေနဲ့ iPhone တွေအတွက် ကိုယ်ပိုင် 5G modem chip developing ကို ဆက်လုပ်သွားမယ်လို့ယုံကြည်ကြောင်း Kuo က ထည့်သွင်းရေးသားထားပါတယ်။

မူလက လာမဲ့နှစ် iPhone တွေမှာအသုံးပြုမဲ့ 5G modem တွေရဲ့ ၂၀% ကို Qualcomm က ထောက်ပံ့ပေးမယ်လို့ Kuo က ခန့်မှန်းခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ၂၀၂၃ ခုနှစ်ထုတ် iPhone မော်ဒယ်တွေအတွက် 5G modem ကို Qualcomm အနေနဲ့ ၁၀၀% ထုတ်ပေးသွားမယ်လို့ ပြင်ဆင်ခဲ့တာကိုလည်း တွေ့ရှိရပါတယ်။

Ref: Phone Arena