Apple ရဲ့ iPhone 12 နဲ့ iPhone 12 Pro တို့ဟာ တရားဝင် ကြေညာပြီးတဲ့နောက် အဖွင့်လှခဲ့တာကိုတွေ့ရပါတယ်။ အချို့ဈေးကွက်တွေမှာ ရက်အနည်းငယ်အတွင်း ကောင်းမွန်တဲ့ရောင်းအားကို ရရှိခဲ့တာကြောင့် ဒီ iPhone သစ်တွေရဲ့ ဝယ်လိုအားဟာ များပြားနေတယ်ဆိုတာကို သံသယဖြစ်စရာမရှိဘူးလို့ ဆိုရမှာပါ။

တကယ်လည်း iPhone 12 တွေရဲ့ ဝယ်လိုအားက ကောင်းလွန်းနေပါတယ်။ ဒါကြောင့် အမေရိကန်အခြေစိုက်ကုမ္ပဏီကြီးဟာ iPhone 12 ထုတ်လုပ်မှုကို တိုးမြှင့်ဖို့အတွက် သူ့ရဲ့ Supply chain မိတ်ဆက်တွေကို ဆက်သွယ်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ထပ်ပြီးတိုးမြှင့်သွားမယ့်ပမာဏဟာ နောက်ထပ် ယူနစ်ပေါင်း ၂ သန်းအထိ ဖြစ်ဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။

iPhone သစ်တွေဟာ 5G ကွန်ရက်ချိတ်ဆက်အသုံးပြုနိုင်သလို၊ OLED မျက်နှာပြင်တွေနဲ့လည်း ဖြစ်ပါတယ်။ ဒါ့အပြင် iPhone ရဲ့ မူလဒီဇိုင်းလို့ဆိုရမယ့် Flat Frame ဒီဇိုင်းကလည်း သုံးစွဲသူတွေရဲ့စိတ်ကို ပိုပြီးဆွဲဆောင်စေတယ်လို့ ဆိုနိုင်ပါတယ်။ Apple ရဲ့ iPhone 12 စီးရီးဝယ်လိုအားဟာ ယူနစ်ပေါင်း သန်း ၈၀ ကနေ ၈၅ သန်းကြားအထိ ရောက်လာနိုင်တယ်လို့ Cinda Securities က ခန့်မှန်းဖော်ပြခဲ့ပါတယ်။

နောက်ထပ်ခန့်မှန်းချက်တွေကတော့ ၂၀၂၁ အတွင်း တင်ပို့ရောင်းချမှုဟာ ယူနစ်ပေါင်း သန်း ၂၃၀ ကနေ ၂၄၀ ကြား ရှိလာနိုင်ပြီး၊ Apple ရဲ့ သမိုင်းကြောင်းတစ်လျှောက် အများဆုံးရောင်းရတဲ့ စံချိန်ကိုလည်း ရောက်သွားနိုင်တယ်လို့ ဆိုပါတယ်။ လက်ရှိစံချိန်တင်ထားတာကတော့ iPhone 6 နဲ့ 6 Plus တို့ဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် ယူနစ်ပေါင်း ၂၂၂.၄ သန်းခန့် ဖြစ်ပါတယ်။

Ming-Chi Kuo ကတော့ iPhone 12 နဲ့ 12 Pro တို့ကို ကြိုတင်မှာယူထားတာဟာ ၇ သန်းကနေ ၉ သန်းကြားရှိမယ်လို့ ခန့်မှန်းထားကြောင်း ပြောပါတယ်။ ဒါ့အပြင် iPhone 12 စီးရီးရဲ့ စုစုပေါင်း တင်ပို့မှုအနက် iPhone 12 နဲ့ 12 Pro တို့ရဲ့ရာခိုင်နှုန်းဟာ ၆၀ ကနေ ၇၀ ရာခိုင်နှုန်းလောက် ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။ 12 Pro Max နဲ့ 12 mini တို့ကတော့ ၁၅ နဲ့ ၂၀ ရာခိုင်နှုန်းကြားမှာရှိမယ်လို့ ဆိုပါတယ်။

Ref: GSM Arena