Apple ဟာ iPhone 12 Series ကို မိတ်ဆက်ဖို့ လအနည်းငယ်ပဲ လိုပါတော့တယ်။ မကြာခင်ကပဲ Charger နဲ့ EarPods မပါဘဲ ရောင်းချမယ်လို့ သတင်းထွက်ခဲ့ပြီး အခုတော့ တန်ဖိုးအနည်းဆုံး iPhone 12 ကို ၇၄၉ ဒေါ်လာနဲ့ ရောင်းနိုင်တယ်လို့ သတင်းထွက်လာတဲ့အတွက် အရင်မျိုးဆက်ထက် ၅၀ ဒေါ်လာ ပိုများသွားနိုင်ပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၁၀ သိန်းလောက်ကျသင့်မှာပါ။
လေ့လာဆန်းစစ်သူ Jeff Pu က ဒီသတင်းကို မျှဝေလိုက်တာ ဖြစ်ပြီး သူက အဲဒီ တန်ဖိုးအနည်းဆုံး iPhone 12 မှာ ၅.၄ လက်မ OLED မျက်နှာပြင်၊ 5nm A14 Chipset ၊ 5G ဆက်သွယ်မှုနဲ့ အနောက်ကင်မရာ ၂ လုံး ပါလာမယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။
အရင်နှစ်ထုတ် iPhone 11 ကို ၆၉၉ ဒေါ်လာနဲ့ ရောင်းပေးခဲ့ပြီး iPhone XR ထက် ၅၀ ဒေါ်လာ နည်းပါတယ်။ ၆၉၉ ဒေါ်လာကို မြန်မာငွေနဲ့တွက်ရင် ၉ သိန်းခွဲလောက်ကျသင့်မှာပါ။ Tipster ၁ ယောက်ဖြစ်တဲ့ Jon Prosser ကတော့ တန်ဖိုးအနည်းဆုံး iPhone 12 ကို ၆၄၉ ဒေါ်လာနဲ့ ရောင်းနိုင်တယ်လို့ ပြောထားပြီး မြန်မာငွေ ၈ သိန်း ၈ သောင်းလောက်ပဲ ရှိမှာပါ။
iPhone 12 မှာ 5G ပါလာမှာဖြစ်ပြီး Mr Pu က ဝယ်ယူသူတွေဟာ ဈေးမြင့်တာကို မှုမှာ မဟုတ်တဲ့အတွက် ရောင်းအား မထိခိုက်နိုင်ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် Charger နဲ့ EarPods မပါလာတာက ပြောစရာ ဖြစ်နေမှာပါ။ ဘာပဲပြောပြော တန်ဖိုးအနည်းဆုံး iPhone 12 ဟာ ၉၉၉ ဒေါ်လာရှိတဲ့ ပြိုင်ဖက် Galaxy S20 ထက်တော့ ဈေးနည်းမှာပါ။ Apple ဟာ ၂၀၂၀ မှာ iPhone အလုံးရေ ၁၅ သန်းကနေ သန်း ၂၀ လောက်ပဲ ရောင်းနိုင်ဖို့ မျှော်လင့်ထားပါတယ်။
ref : gizmochina