Apple ရဲ့ iPhone 12 တွေနဲ့ပတ်သက်တဲ့ သတင်းတွေကတော့ တစ်မျိုးနဲ့တစ်မျိုး မရိုးနိုင်အောင်ပါပဲ။ အခုလည်း iPhone 12 အမျိုးအစား ၄ မျိုးရဲ့ Key Specs တွေနဲ့ ဈေးနှုန်းအကြောင်း တစ်စေ့တစ်စောင်းဖော်ပြနေတဲ့ သတင်းတစ်ပုဒ် ထွက်လာပြန်ပါပြီ။ ဈေးနှုန်းက အမေရိကန်ဈေးကွက်အတွက်လို့ ဆိုထားပေမယ့် စိတ်ဝင်စားစရာတွေနဲ့ ပြည့်နေပါတယ်။
လူသိများတဲ့ Apple tipsters တွေထဲကမှ တစ်ယောက်ဖြစ်တဲ့ John Prosser က စိတ်ဝင်စားစရာ ဒီသတင်းကို ထုတ်ဖော်ခဲ့တာပါ။ အမေရိကန်ရဲ့ ဧရာမနည်းပညာကုမ္ပဏီကြီးဟာ iPhone 12 ကို အမျိုးအစားလေးမျိုး ထုတ်လုပ်မှာဖြစ်တယ်လို့ John ရဲ့ သတင်းရင်းမြစ်တွေ အခိုင်အမာ ဆိုခဲ့တာပါ။
iPhone 12 မော်ဒယ်သစ် လေးမျိုးဟာ iPhone 12 (Mini), iPhone 12 (Plus/Max), iPhone 12 Pro နဲ့ iPhone 12 Pro Max တွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ထွက်ပေါ်လာတဲ့ စျေးနှုန်းတွေအရ iPhone 12 (Mini) က ကန်ဒေါ်လာ ၆၄၉ (မြန်မာငွေ ၉သိန်း ဝန်းကျင်)၊ iPhone 12 (Plus/Max) က ကန်ဒေါ်လာ ၇၄၉ (မြန်မာငွေ ၁,၀၅၀,၀၀၀ ကျပ် ဝန်းကျင်)၊ iPhone 12 Pro က ကန်ဒေါ်လာ ၉၉၉ (မြန်မာငွေ ၁၄သိန်း ဝန်းကျင်) နဲ့ iPhone 12 Pro Max က ကန်ဒေါ်လာ ၁၀၉၉ (မြန်မာငွေ ၁၅သိန်းခွဲ ဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။ ဒီ iPhone တွေအားလုံးဟာ OLED မျက်နှာပြင်တွေနဲ့ဖြစ်ပြီး လက်ရှိမျိုးဆက် iPhone တွေထက် သေးငယ်တဲ့ Notch တွေလည်း ကိုယ်စီပါဝင်နေမှာ ဖြစ်ပါတယ်။
ပထမ မော်ဒယ်နှစ်မျိုးဟာ အလူမီနီယံဘောင်ကို အသုံးပြုမှာဖြစ်ပြီး Pro မော်ဒယ်တွေကတော့ iPhone 11 Pro လိုမျိုး သံမဏိကိုယ်ထည်နဲ့ ထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။ iPhone 12 မော်ဒယ်လေးမျိုးစလံဒးဟာ A14 chipset နဲ့ 5G အမျိုးအစားတွေဖြစ်ကြပေမယ့် Pro မော်ဒယ်တွေပဲ mmWave ကွန်ရက်မှာ အလုပ်လုပ်မှာ ဖြစ်ပါတယ်။
Optic တွေအတွက်ကတော့ ဈေးသက်သာတဲ့ မော်ဒယ်တွေမှာ Dual-camera setup ဖြစ်ပြီး Pro အမျိုးအစားတွေမှာတော့ ကျောဘက်ကင်မရာသုံးလုံး တပ်ဆင်ပေးထားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် iPad Pro 2020 မှာတွေ့ရတဲ့ LiDAR scanner လည်း ပါဝင်မယ်လို့ သိရပါတယ်။ iPhone 12 တွေ ဈေးကွက်ထဲရောက်နိုင်တဲ့အချိန်ကတော့ စက်တင်ဘာအစား အောက်တိုဘာ၊ ဒါမှမဟုတ် နိုဝင်ဘာလပိုင်းလောက်မှာပဲ ဖြစ်နိုင်ပါလိမ့်မယ်။
Ref: Gizmochina