ပြီးခဲ့တဲ့ စက်တင်ဘာတုန်းက Time Flies event မှာ Apple ဟာ တက်ဘလက်သစ်တွေနဲ့ စမတ်နာရီသစ်တွေကိုပဲ ထုတ်ပြသွားတာဖြစ်ပြီး၊ အများမျှော်လင့်နေတဲ့ iPhone 12 တွေကိုတော့ ချန်ထားခဲ့ပါတယ်။ Cupertino အခြေစိုက် နည်းပညာကုမ္ပဏီကြီးအနေနဲ့ iPhone 12 တွေကို မကြေညာသေးဘူးဆိုပေမယ့် iPhone 13 နဲ့ iPhone SE 3 အကြောင်း ကောလာဟလတွေကတော့ ထွက်ပေါ်နေပြီ ဖြစ်ပါတယ်။

iPhone 13 နဲ့ iPhone SE 3 တို့ရဲ့ သတင်းကို DSCC (Display Supply Chain Consultants) က Ross Young က တွစ်တာကတစ်ဆင့် မျှဝေခဲ့တာပါ။ အသေးစိတ်အချက်အလက်တွေကို သူ့ရဲ့ ကုမ္ပဏီနဲ့ Mizuho Securities ကတစ်ဆင့် ရရှိတာလည်း ဖြစ်ပါတယ်။

iPhone 13

Ross ကတော့ iPhone 13 မော်ဒယ်တွေဟာ iPhone 12 တွေလို အရွယ်တူမျက်နှာပြင်တွေပဲ ဖြစ်မယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် လာမယ့် စီးရီးသစ်က မော်ဒယ်လေးမျိုးစလုံးမှာ Touch (Y-Otca) Panel တွေနဲ့လို့ ဆိုပါတယ်။ iPhone 13 ဟာ 5.42-inch နဲ့ 6.06-inch, iPhone 13 Pro ကတော့ 6.06-inch, iPhone 13 Pro Max ကတော့ 6.67-inch ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီမော်ဒယ်သစ် iPhone တွေအတွက် မျက်နှာပြင်ထောက်ပံ့တဲ့ကုမ္ပဏီတွေမှာ Samsung Display က Pro Max နဲ့ Mini အတွက်၊ LG Display ကတော့ ထိပ်ဆုံးအမျိုးအစားကလွဲရင် ကျန်တဲ့ မော်ဒယ်အားလုံးအတွက်နဲ့ BOE ကတော့ Pro နဲ့ Standard iPhone 13 အတွက် အသီးသီး ထောက်ပံ့ကြမယ်လို့လည်း ဆိုပါတယ်။ Panel အားလုံးဟာ ProMotion (high refresh rate) နည်းပညာနဲ့ဖြစ်ပြီး Pro Max မော်ဒယ်မှာတော့ Variable refresh rate အတွက် LTPO လည်း ပါဝင်မယ်လို့ သိရပါတယ်။

ကင်မရာပိုင်းကတော့ ပုံမှန် iPhone 13 မော်ဒယ်တွေမှာ (5.4-inch/6.1-inch) ကျောဘက်ကင်မရာနှစ်လုံးစီနဲ့လို့ ဆိုပါတယ်။ 1.7µm primary sensor ကတော့ iPhone 12 Pro Max လိုပဲလို့ သိရပါတယ်။ Pro မော်ဒယ်နှစ်မျိုးမှာတော့ ကျောဘက်ကင်မရာ သုံးလုံးစီ ဖြစ်ပြီး SensorShift နဲ့ 1.9µm primary sensor တွေကိုအသုံးပြုမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ToF ကင်မရာတွေလည်း ရှိပါမယ်။

နောက်ဆုံးအချက်ကတော့ iPhone 13 စီးရီးအားလုံးမှာ Face ID ဆက်ပြီးပါရှိနေမှာဖြစ်တာကြောင့် Notch တွေလည်း ရှိနေဦးမယ်လို့ မျှော်လင့်ရပါတယ်။ ဒီ iPhone 13 တွေဟာ 5G ကွန်ရက်ကို ချိတ်ဆက်အသုံးပြုနိုင်ပေမယ့် Pro မော်ဒယ်တွေကပဲ mmWave ကို ထောက်ပံ့မယ်လို့ ဆိုပါတယ်။

iPhone SE 3

iPhone SE3 ကို လာမယ့်နှစ်မှာမဟုတ်ဘဲ ၂၀၂၂ ခုနှစ်ရဲ့ နွေဦးရာသီမှ ဖြန့်ချိမယ်လို့ ဆိုပါတယ်။ အပြောင်းအလဲအဖြစ် လက်ရှိမျိုးဆက်သစ်မော်ဒယ်လိုမျိုး 4.7-inch မျက်နှာပြင်နဲ့မဟုတ်ဘဲ Sharp ဒါမှမဟုတ် JDI က တင်သွင်းတဲ့ 6.06-inch in-cell LCD panel တွေနဲ့ ဖြစ်မယ်လို့ ဆိုပါတယ်။

ကင်မရာပိုင်းကတော့ iPhone 11 လိုမျိုး Dual-camera setup လို့ သိရပါတယ်။ ဒါကြောင့် 1.4µm primary sensor နဲ့ဖြစ်မယ်လို့ ယူဆရပါတယ်။ နောက်ထပ် တစ်နှစ်ခွဲလောက်အကြာမှ ဖြန့်ချိမှာဖြစ်တဲ့ ဒီဟန်းဆက်ဟာ 5G ကွန်ရက်နဲ့ ချိတ်ဆက်နိုင်မှာဖြစ်ပေမယ့် ပုံမှန် iPhone 12 နဲ့ iPhone 13 တွေလိုပဲ sub-6GHz ကိုပဲ ထောက်ပံ့မယ်လို့ ဆိုပါတယ်။ စိတ်ဝင်စားစရာကောင်းတာကတော့ Touch ID တပ်ဆင်ထားမယ်ဆိုတာပဲ ဖြစ်ပါတယ်။

Ref: Gizmochina