Apple ဟာ iPhone 12 Series ကနေစတင်ပြီးတော့ နှစ်တိုင်း iPhone အသစ် ၄ မျိုးကို မိတ်ဆက်နေတာဖြစ်ပါတယ်။ ဒါကြောင့် သာမန် iPhone အပြင် iPhone mini ၊ iPhone Pro နဲ့ iPhone Pro Max ဖုန်းတွေဆိုပြီး မိတ်ဆက်နေကျဖြစ်ပါတယ်။

ယခုနှစ်မှာတော့ Apple ဟာ iPhone 14 mini ကို မိတ်ဆက်တော့မှာမဟုတ်ဘဲ ပုံမှန် iPhone ထက် Screen Size ပိုကြီးမားတဲ့ iPhone 14 Max ကို ပြောင်းလဲမိတ်ဆက်သွားမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာဆိုရင်လည်း Apple ဟာ iPhone 14 Series ကို စတင်စမ်းသပ်ထုတ်လုပ်နေပြီဖြစ်တာကြောင့် တရားဝင်မြင်တွေ့ရဖို့ နီးကပ်နေပြီလို့တောင် ပြောနိုင်ပါတယ်။

ဒါပေမယ့်လည်း နောက်ဆုံးသိရတဲ့သတင်းတွေအရ Apple ဟာ အသစ်မိတ်ဆက်မယ့် iPhone 14 Max အတွက် ထုတ်လုပ်ရေးပိုင်းမှာ ပြဿနာတွေကြုံတွေ့နေရတယ်လို့ သိရပါတယ်။ လောလောဆယ်မှာ iPhone 14 Max ထုတ်လုပ်မှုဟာ စီစဥ်ထားတာထက် နောက်ကျနေပြီး တကမ္ဘာလုံးမှာဖြစ်ပေါ်နေတဲ့ ငွေကြေးဖောင်းပွမှုနဲ့ ကုန်ပစ္စည်းရှားပါးပြတ်တောက်မှုတွေကြောင့် ဖြစ်တယ်လို့ ယူဆရပါတယ်။

iPhone 14 Max ဖုန်းအတွက် အဓိကပြဿနာဖြစ်နေတာကတော့ Display ပိုင်းဖြစ်ပြီး iPhone 14 Max Display Panel တွေကိုထုတ်ပေးနေတဲ့ Supplier ဟာ လာမယ့် သြဂုတ်လအထိ ပြည့်မှီအောင် ထုတ်ပေးနိုင်ခြင်းမရှိသေးတာပဲဖြစ်ပါတယ်။ တစ်ဖက်မှာတော့ iPhone 14 Pro Series ဖုန်းတွေအတွက် Display Panel ထုတ်လုပ်မှုဟာ iPhone 14 Max ထက် ၃ ဆကျော်ရှိနေပြီးတော့ အခြေအနေကောင်းမွန်တယ်လို့ သိရပါတယ်။

ယခုနှစ်အတွက် iPhone 14 Series တွေဟာ ပုံမှန် iPhone 14 နဲ့ iPhone 14 Max ဖုန်းတွေထက် iPhone 14 Pro Series ကိုပဲ အဆင့်မြှင့်တင်မှုတွေအများအပြားပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ရောင်းချတဲ့နေရာမှာလည်း iPhone 14 Pro ဖုန်းတွေကပဲ ပိုမိုရောင်းရမယ်ဆိုပြီး ခန့်မှန်းထားတာဖြစ်ပါတယ်။

Ref – Gizmo China