Apple ဟာ မကြာခင်က နောက်မျိုးဆက် iPhone 14 Series ကို ကြေညာခဲ့ပြီး ကမ္ဘာအဝန်းမှာ စတင် ရောင်းချပေးနေပါပြီ။ ဈေးပိုကြီးတဲ့ iPhone 14 Pro မော်ဒယ်တွေဟာ ရိုးရိုး iPhone 14 ထက် လူကြိုက်ပိုများနေပုံရပါတယ်။

နာမည်ကြီး လေ့လာဆန်းစစ်သူ Ming-Chi Kuo က Apple ဟာ ရိုးရိုး iPhone 14 မော်ဒယ်ထက် ဈေးပိုကြီးတဲ့ iPhone 14 Pro Version တွေကို ပိုမို ထုတ်လုပ်ဖို့ Supplier တွေကို ညွှန်ကြားဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။ ဒီလို ညွှန်ကြားရတဲ့ အကြောင်းအရင်းက iPhone 14 Pro မော်ဒယ်တွေဟာ ဝယ်လိုအား ပိုများနေကြလို့ ဖြစ်ပြီး အခုလို တိုးတက်ထုတ်လုပ်မှုကြောင့် ဒီနှစ် ကွာတား ၄ ဖြစ်တဲ့ အောက်တိုဘာလနဲ့ ဒီဇင်ဘာလအတွင်း ရောင်းအား ပိုကောင်းလာမှာ ဖြစ်ပါတယ်။

လက်ရှိမှာ Apple ဟာ iPhone 14 Pro Series ကို တိုးမြှင့်ထုတ်လုပ်ဖို့ Foxconn ကို ပြောထားတယ်လို့ သိရပါတယ်။ Apple ဟာ Far Out Event မှာ iPhone 14 Series ကို ကြေညာခဲ့ပြီး အရင်မျိုးဆက် iPhone 13 Series ထက် တိုးတက်မှုများစွာ ပါလာပါတယ်။

Iphone 14 Pro Max, iPhone 14 Pro

Series အသစ်ထဲမှာ Mini မော်ဒယ်ကို အစားထိုးထားတဲ့ iPhone 14 Plus အသစ် ပါလာပြီး Pro Version တွေရဲ့ အရှေ့ဘက်မှာ ဒီဇိုင်းကို အဓိက ပြောင်းလဲထားပါတယ်။ Pro Version တွေရဲ့ အနောက်ဘက် ကင်မရာတွေကို အဆင့်မြှင့်ထားပါတယ်။ အခုသတင်းဟာ အံ့အားသင့်စရာ မကောင်းပါဘူး။ ဘာလို့လည်း ဆိုတော့ iPhone 13 နဲ့ iPhone 12 Series တုန်းကလည်း Pro Version တွေဟာ ရိုးရိုး မော်ဒယ်တွေထက် လူကြိုက်ပိုများခဲ့လို့ ဖြစ်ပါတယ်။

Ref : gizmochina