Apple ဟာ မကြာခင် စက်တင်ဘာလအတွင်းမှာ နှစ်စဥ်မိတ်ဆက်နေကျဖြစ်တဲ့ iPhone အသစ်တွေကို မိတ်ဆက်သွားတော့မှာပဲဖြစ်ပါတယ်။ ယခုနှစ်မှာတော့ ထူးထူးခြားခြား iPhone mini ကို မိတ်ဆက်တော့မှာမဟုတ်ဘဲ iPhone 14 ၊ iPhone 14 Max ၊ iPhone 14 Pro နဲ့ iPhone 14 Pro Max ဆိုပြီး ပြောင်းလဲမိတ်ဆက်သွားမှာပါ။

နောက်ထပ် ထူးခြားချက်အနေနဲ့ကတော့ Apple ဟာ iPhone 14 Pro Series ဖုန်းတွေမှာပဲ A16 Bionic Chip အသစ်ကို အဆင့်မြှင့်တင်ပေးသွားတော့မှာဖြစ်ပါတယ်။ ဒါကြောင့် ပုံမှန် iPhone 14 နဲ့ iPhone 14 Max ဖုန်းတွေဟာ လက်ရှိ iPhone 13 ဖုန်းတွေမှာ အသုံးပြုထားတဲ့ A15 Bionic Chip ကိုပဲ ဆက်လက်အသုံးပြုထားမှာပါ။ ဒါတင်မဟုတ်သေးဘဲ iPhone 14 Pro Series ဖုန်းတွေပဲ Notch အစား Punch-hole Camera Design ကို အဆင့်မြှင့်တင်ပေးထားမှာလည်းဖြစ်ပါတယ်။

ဒါကြောင့် သာမန် iPhone 14 Series ကို ဝယ်ယူဖို့ စိတ်ကူးနေတဲ့သူတွေအတွက် စိတ်ပျက်စရာဖြစ်နေသလို အခုလည်း နောက်ထပ်သတင်းဆိုးတစ်ခုက ပေါက်ကြားလာခဲ့ပါတယ်။ ဒါကတော့ Apple ကနေ iPhone 14 Series ကို မနှစ်တုန်းက iPhone 13 Series ထက် ဒေါ်လာ ၁၀၀ ခန့် စျေးပိုတင်ပြီး ရောင်းချသွားမှာကြောင့်ပဲဖြစ်ပါတယ်။

iPhone 13 Series ဟာ စျေးနှုန်းအနေနဲ့ iPhone 13 mini ဖုန်းက $699 ကနေ စတင်ခဲ့ပြီး iPhone 13 ကတော့ $799 ကနေ စတင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် iPhone 14 ကတော့ $899 (မြန်မာငွေ ၁၈ သိန်းဝန်းကျင်) ကနေ စတင်ရောင်းချသွားမှာဖြစ်ပြီး iPhone 13 ထက် ဒေါ်လာ ၁၀၀ ပိုတင်ပြီး ရောင်းချလာမှာဖြစ်ပါတယ်။ Base Storage အနေနဲ့လည်း 128GB ကနေ စတင်မှာဖြစ်တာကြောင့် iPhone 13 Series နဲ့ အတူတူပဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခုလိုမျိုး စျေးတက်တာက iPhone 14 နဲ့ iPhone 14 Max ဖုန်းတွေအတွက်ပဲဖြစ်ပြီး iPhone 14 Pro ဖုန်းကတော့ ယခင်တုန်းက iPhone 13 Pro စျေးဖြစ်တဲ့ $999 ကနေပဲ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။ iPhone 14 Pro Max ကလည်း ယခင်အတိုင်းပဲ $1,099 ကနေ စတင်ရောင်းချသွားမှာပါ။

ဘာပဲဖြစ်ဖြစ် အခုနှစ်ကတော့ Apple iPhone 14 Series ထဲမှာ iPhone 14 Pro ဖုန်းတွေကိုပဲ ဝယ်ယူဖို့အတွက် Apple က တမင်တွန်းအားပေးနေတယ်လို့တောင် ပြောလို့ရပါတယ်။

Ref – Gizmo China