Apple ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက iPhone 14 Series ဖုန်းတွေကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ ယခုနှစ်မှာဆိုရင် iPhone 14 Pro နဲ့ iPhone 14 Pro Max ဖုန်းတွေမှာ Camera ပိုင်းအဆင့်မြှင့်တင်မှုတွေ အများအပြားပြုလုပ်ခဲ့ပြီး အဓိကပြောင်းလဲမှုအနေနဲ့ ယခင် 12MP Camera Sensor အစား 48MP Camera Sensor ကို အသုံးပြုလာခဲ့တာဖြစ်ပါတယ်။

လာမယ့် ၂၀၂၃ ခုနှစ်မှာဆိုရင်လည်း Apple ကနေ iPhone 15 Series ဖုန်းတွေကို Design ပိုင်းပြောင်းလဲမယ့်အပြင် USB-C ကိုပါ ပြောင်းလဲနိုင်တယ်ဆိုပြီး သတင်းထွက်ရှိနေပြီဖြစ်ပါတယ်။ ဒါ့အပြင် နောက်ဆုံးထွက်လာတဲ့သတင်းအရ Apple ဟာ iPhone 15 Series ဖုန်းတွေမှာ Camera ပိုင်းကိုပါ ထပ်ပြီး အဆင့်မြှင့်တင်သွားဦးမှာဖြစ်ပါတယ်။

အဆိုပါ သတင်းကို နာမည်ကြီးသတင်းမီဒီယာတစ်ခုဖြစ်တဲ့ Nikkei ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Apple ဟာ iPhone 15 Series ဖုန်းတွေအတွက် Sony ရဲ့ အကောင်းဆုံးသော Camera Sensor ကို ဝယ်ယူအသုံးပြုသွားမှာပဲဖြစ်ပါတယ်။ ဘယ် Sony Camera Sensor လဲဆိုတာကိုတော့ ဖော်ပြခဲ့ခြင်းမရှိပေမယ့် သာမန် Camera Sensor တွေထက် Saturation Signal ပိုင်းမှာ ၂ ဆ သာလွန်မှာဖြစ်ပြီး ဓါတ်ပုံတွေကို Underexpose သို့မဟုတ် Overexpose ဖြစ်ခြင်းမရှိဘဲ အလင်းရောင်ကို ပိုမိုဖမ်းယူနိုင်မယ်လို့ သိရပါတယ်။

Sony ကနေ ထုတ်လုပ်တဲ့ Camera Sensor တွေဟာ လက်ရှိအချိန်မှာ Android Flagship စမတ်ဖုန်းတော်တော်များများမှာ တွေ့ရှိနေရပြီးတော့ အရည်အသွေးပိုင်းမှာလည်း တခြားကုမ္ပဏီတွေက ထုတ်လုပ်တဲ့ Camera Sensor တွေထက် ပိုကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် iPhone 15 Series တွေသာ Sony ရဲ့ အကောင်းဆုံး Camera Sensor တွေကို အသုံးပြုလာမယ်ဆိုရင် စမတ်ဖုန်းတွေထဲမှာ Camera အကောင်းဆုံးဖြစ်လာနိုင်ပါတယ်။

Ref – Gizmo China