Apple ဟာ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက ဒေါ်လာ ၄,၉၉၉ တန် Pro Display XDR Monitor ကို တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ ယခုနှစ်အတွင်းမှာ Apple ကနေ စျေးနှုန်းပိုမိုသက်သာတဲ့ ဒေါ်လာ ၁,၅၉၉ တန် Studio Display ကိုပါ ထပ်မံမိတ်ဆက်ခဲ့ပေမယ့် Pro Display XDR နဲ့ယှဥ်ရင် အောင်မြင်မှုနည်းပါးခဲ့တယ်လို့ ပြောနိုင်ပါတယ်။
ဒါကြောင့် Apple ကနေ လာမယ့် ၂၀၂၃ ခုနှစ်အတွင်းမှာ Pro Display XDR ကို ထပ်မံအဆင့်မြှင့်တင်ပြီး မိတ်ဆက်သွားဖို့ စီစဥ်နေပြီလို့ သိရပါတယ်။ ယခုသတင်းကို Bloomberg Media က Mark Gurman ကိုယ်တိုင်ကနေ ပြောကြားခဲ့တာဖြစ်ပြီး Pro Display XDR အသစ်အပါအဝင် တခြားသော Display အသစ်တွေကိုလည်း မိတ်ဆက်ဖို့ စီစဥ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။
Apple Pro Display XDR အသစ်ဟာ အဓိကပြောင်းလဲမှုအနေနဲ့ကတော့ လက်ရှိ Studio Display လိုမျိုး Built-in Apple Silicon Chipset ပါဝင်လာမှာဖြစ်ပါတယ်။ Apple Studio Display မှာ A13 Bionic Chip ကို ထည့်သွင်းပေးထားတာကြောင့် Pro Display XDR အသစ်ဟာ ပိုမိုကောင်းမွန်တဲ့ Chipset ကို အသုံးပြုလာနိုင်ပါတယ်။
ကျန်တဲ့အပိုင်းတွေမှာတော့ ဘယ်လိုမျိုး Feature အသစ်တွေပါဝင်လာမလဲဆိုတာကို မသိရှိရသေးပေမယ့် mini-LED Display နည်းပညာကိုပဲ အသုံးပြုလာနိုင်ပြီး လက်ရှိ MacBook Pro 14-inch နဲ့ MacBook Pro 16-inch တွေလိုမျိုး High Refresh Rate Pro Motion နည်းပညာကိုပါ ထောက်ပံ့လာနိုင်ပါတယ်။
Apple ဟာ ၂၀၂၃ ခုနှစ်အစောပိုင်းမှာ M2 Pro နဲ့ M2 Max Chip အသစ်တွေပါဝင်လာမယ့် MacBook Pro အသစ်တွေအပြင် တခြားသော Mac ကွန်ပျူတာတွေကိုပါ မိတ်ဆက်ဖို့ရှိနေတာကြောင့် အဆိုပါအချိန်မှာ Pro Display XDR အပါအဝင် Display အသစ်တွေကို တွဲဖက်ပြီး မိတ်ဆက်သွားဖွယ်ရှိနေပါတယ်။
Ref – Engadget