လက်ရှိအချိန်မှာ စမတ်ဖုန်းလောကအတွင်းမှာ ခေါက်ချိုးနိုင်တဲ့ Foldable စမတ်ဖုန်းတွေဟာ အထူးအဆန်းမဟုတ်တော့ဘဲ Android စမတ်ဖုန်းကုမ္ပဏီတိုင်းနီးပါး ထုတ်လုပ်နေကြပြီဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်အထိ Apple ကတော့ ဒီလိုမျိုး Foldable စျေးကွက်အတွင်းကို ဝင်ရောက်ခြင်းမရှိသေးပါဘူး။

အခုလည်း တောင်ကိုရီးယားနိုင်ငံအတွင်းမှာရှိတဲ့ သတင်းအချို့ကနေတစ်ဆင့် Apple ဟာ လာမယ့် ၂၀၂၆ သို့မဟုတ် ၂၀၂၇ ခုနှစ်အတွင်းမှာ ပထမဆုံး Foldable Device အသစ်ကို မိတ်ဆက်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ အဆိုပါ Foldable Device ဟာ ဖြန့်လိုက်မယ်ဆိုရင် အတွင်းဘက်က Foldable Display ဟာ Screen Size 7~8″ ဝန်းကျင်ရှိမှာဖြစ်ပြီး iPad Mini ကို အစားထိုးသွားနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း အဆိုပါသတင်းအချို့ကလွဲပြီး ပါဝင်လာနိုင်တဲ့ Specification တွေနဲ့ Feature တွေကို သိရှိရခြင်းမရှိသေးတာကြောင့် တကယ်ဖြစ်လာနိုင်မလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ Apple ဟာ ယခုနှစ်အတွင်းမှာ iPad Pro တွေကို OLED Display ကို အဆင့်မြှင့်တင်ပြီး မိတ်ဆက်သွားမှာဖြစ်သလို လာမယ့်နှစ်ပိုင်းအတွင်းမှာလည်း iPad Mini ကိုပါ OLED Display ဖြင့် ပြောင်းလဲထုတ်လုပ်သွားမှာဖြစ်တဲ့အတွက် Foldable ဖုန်းနဲ့ အစားထိုးဖို့က ဖြစ်နိုင်ခြေနည်းပါးနေပါတယ်။

တစ်ဖက်မှာလည်း Apple ကို Samsung Display နဲ့ LG Display ကုမ္ပဏီတွေက ယခင်တုန်းက Foldable Screen Panel ကို ထုတ်လုပ်ခဲ့ဖူးပြီး အဆိုပါ Screen Size တွေဟာ 6″ နဲ့ 7″ ဝန်းကျင်ပဲ ရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် Apple က Foldable Device ထုတ်လုပ်ဖို့ကို စိတ်ဝင်စားနေပုံရပြီး ဘယ်အချိန်မှာ တရားဝင်မိတ်ဆက်မလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Ref – GSM Arena