Apple ရဲ့ AirPods Pro Earbuds အသစ်တွေဟာ လက်ရှိ True Wireless Earbuds တွေထဲမှာ Design ပိုင်းအရရော ၊ Active Noise Cancellation (ANC) လိုမျိုး Feature တွေပါဝင်တဲ့အတွက်ရော ရောင်းအားကောင်းပြီး အောင်မြင်နေတာဖြစ်ပါတယ်။

အခုလည်း Apple ကနေ AirPods Pro Design နဲ့ စျေးပိုသက်သာတဲ့ AirPods Pro Lite Earbuds အသစ်တွေကို ထုတ်လုပ်ဖို့စီစဥ်နေတယ်ဆိုပြီး သတင်းထွက်ရှိလာပါတယ်။ ယခုသတင်းကို DigiTimes ကနေ ဖော်ပြခဲ့တာဖြစ်ပြီး iPhone အသစ်တွေမိတ်ဆက်မယ့် စက်တင်ဘာလမတိုင်ခင် ထွက်ရှိလာနိုင်တယ်လို့ သိရပါတယ်။

Apple ဟာ အဆိုပါ AirPods Pro Lite အတွက် ထုတ်လုပ်မှုတွေကို လက်ရှိဖြစ်ပွားနေတဲ့ ဝူဟန်ဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံအစား ထိုင်ဝမ်မှာရှိတဲ့ ထုတ်လုပ်သူတွေနဲ့လက်တွဲသွားဖို့ရှိနေတယ်လို့လည်း သိရပါတယ်။ အဲ့ဒီအတွက် ဝူဟန်ဗိုင်းရပ်စ်သာ လက်ရှိအခြေအနေအတိုင်းဆက်သွားမယ်ဆိုရင် Apple အနေနဲ့ ထိုင်ဝမ်ထုတ်လုပ်သူတွေကို ပိုပြီးမှီခိုလာနိုင်ခြေရှိနေပါတယ်။

လောလောဆယ်မှာ AirPods Pro ရဲ့ စျေးနှုန်းဟာ $249 နဲ့ရောင်းချနေတာဖြစ်ပြီး Wireless Charging Case ပါဝင်တဲ့ AirPods 2 နဲ့ ယှဥ်မယ်ဆိုရင် $50 ဝန်းကျင်ပဲ ကွာခြားတဲ့အတွက် ဒီ AirPods Pro Lite ရဲ့ စျေးနှုန်းက AirPods 2 ထက် သက်သာနိုင်မလား၊ ဒါမှမဟုတ် AirPods 2 နေရာကို အစားထိုးသွားမလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref – MacRumors