Apple က အရင်မျိုးဆက်ထက် အဖက်ဖက်က ပိုကောင်းလာတဲ့ iPhone 12 Pro နဲ့ 12 Pro Max ကို ကြေညာလိုက်ပါတယ်။ iPhone 12 Pro မှာ ၆.၁ လက်မနဲ့ 12 Pro Max မှာ ၆.၇ လက်မ Super Retina XDR OLED မျက်နှာပြင်တွေ ထည့်သွင်းထားပြီး ဘေးဘောင်တွေ အရမ်းပါးလွှာပါတယ်။ ပြိုင်ဖက် စွမ်းရည်မြင့် Android ဖုန်းတွေမှာ 120Hz Refresh Rate တောင် ထည့်ထားပေမယ့် iPhone 12 Pro မော်ဒယ် ၂ လုံးမှာ 60Hz ပဲ ပါလာတာက သိပ်မမိုက်ပါဘူး။ ဒါတင် မကသေးပါဘူး။ အရွယ်ကြီး Notch တွေကို မဖယ်ရှားထားနိုင်သေးတာကလည်း ပြိုင်ဖက်တွေထက် ဘောင်ပျောက် ဒီဇိုင်း အားနည်းပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မပါလာဘဲ Face ID ပဲ ထည့်ပေးထားပါတယ်။

Resolution အကြောင်းပြောရရင် iPhone 12 Pro မှာ 1170x2532p နဲ့ 12 Pro Max မှာ 1284x2778p တွေ ထောက်ပံ့ထားပြီး အမြင့်ဆုံး 1200 nits Brightness အထိ ရပါတယ်။ ၂ လုံးစလုံးမှာ Corning နဲ့ ပူးပေါင်း ဖန်တီးထားတဲ့ Ceramic Shield နည်းပညာ ပါလာပြီး အရင်မျိုးဆက် ဖန်မျက်နှာပြင်ထက် အမြင့်က ပြုတ်ကျတဲ့ ဒဏ်ကို ၄ ဆ ပိုခံနိုင်လာပါတယ်။

 

ဖုန်း ၂ လုံးစလုံးမှာ Apple A14 Bionic Chipset မောင်းနှင်ထားပြီး 128GB, 256GB နဲ့ 512GB Storage တွေ ရွေးချယ်နိုင်ပါတယ်။ ဒီဇိုင်းကို ဆန်းသစ်ထားပြီး ကိုယ်ထည်ကို Stainless Steel နဲ့ တည်ဆောက်ထားပါတယ်။ Gold , Gray နဲ့ Silver အပြင် Pacific Blue အရောင် အသစ် ထုတ်လုပ်ထားပါတယ်။ 5G ထောက်ပံ့ထားပြီး Smart Date Mode က ဘက်ထရီစားတာ သက်သာအောင် 4G ကို အလိုလို ပြောင်းပေးနိုင်ပါတယ်။

ဖုန်း ၂ လုံးရဲ့ အနောက်ဘက် ကင်မရာတွေဟာ နည်းနည်း ကွာခြားပါတယ်။ ၂ လုံးစလုံးမှာ 12MP Wide , 12MP 120 Degree Ultrawide နဲ့ 12MP Telephoto ကင်မရာ ၃ လုံး ထည့်သွင်းထားပါတယ်။ Pro Max ရဲ့ Wide ဆန်ဆာဟာ ၄၇ ရာခိုင်နှုန်း ပိုကြီးပြီး Low-light စွမ်းရည်က ၈၇ ရာခိုင်နှုန်း ပိုမိုက်ပါတယ်။ Telephoto ကင်မရာအကြောင်း ပြောရရင် iPhone 12 Pro မှာ 4x Optical Zoom နဲ့ Pro Max မှာ 5x Optical Zoom ထောက်ပံ့ထားပါတယ်။ ဖုန်း ၂ လုံးစလုံးရဲ့ အရှေ့ဘက်မှာ 12MP TrueDepth ကင်မရာ တပ်ဆင်ထားပါတယ်။ Telephoto က လွဲပြီး ဆဲလ်ဖီး အပါအဝင် ကျန် အနောက်ကင်မရာ ၂ လုံးမှာ Night Mode ထောက်ပံ့ထားပါတယ်။ iPad Pro ရဲ့ LiDAR System ပါလာပြီး Night Mode Portrait တွေကိုတောင် ရိုက်ကူးနိုင်ပါတယ်။

Apple iPhone 12 Pro and Pro Max unveiled with 5G, larger screens, improved cameras

တန်ဖိုးအနည်းဆုံး အနေနဲ့ iPhone 12 Pro 128GB ဟာ ဒေါ်လာ ၁,၀၀၀ နဲ့  Pro Max 128GB ဟာ ၁,၁၀၀ ဒေါ်လာ ကျသင့်မှာပါ။ လက်ရှိပေါက်ဈေးအရ ၁၃ သိန်းနဲ့ ၁၄ သိန်း ၃ သောင်းလောက် အသီးသီး ကျသင့်နိုင်ပြီး မြန်မာပြည် ရောင်းဈေးက ဒီထက်များနိုင်ပါတယ်။ iPhone 12 Pro ကို ၁၆ ရက်နေ့ ကြိုတင်မှာယူခွင့်ပေးမှာ ဖြစ်ပြီး နောက်တစ်ပတ် ရောင်းမှာပါ။ 12 Pro Max ကို နိုဝင်ဘာလ ၆ ရက်နေ့ ကြိုတင်မှာယူနိုင်မှာ ဖြစ်ပြီး ၁၃ ရက်နေ့ ရောင်းမှာပါ။

Ref : gizmochina, gsmarena