Apple ဟာ အိန္ဒိယမှာအခြေစိုက်ခြင်းကို ပိုပြီးတိုးမြှင့်ဖို့ စီစဉ်နေပြီး အထူးသဖြင့် ကုန်ထုတ်လုပ်မှုပိုင်းမှာ အားဖြည့်ဖို့ ရည်ရွယ်နေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ဒါဟာ တရုတ်−အမေရိကန် ကုန်သွယ်ရေးစစ်ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံအပေါ် မှီခိုမှုတွေကို လျှော့ချလာတဲ့အစီအစဉ်တွေထဲက တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

အမေရိကန်အခြေစိုက် ကုမ္ပဏီကြီးဟာ ကုန်ထုတ်လုပ်မှုစွမ်းရည်ကို တရုတ်နိုင်ငံကနေ အိန္ဒိယနိုင်ငံဆီ ပြောင်းရွှေ့ဖို့ ဖြစ်နိုင်ခြေနဲ့ ပတ်သက်ပြီး ကုမ္ပဏီတွင်း ထိပ်တန်းအမှုဆောင်တွေနဲ့ ဒေသန္တရတွင်းအစိုးရအရာရှိတွေ စုပေါင်းဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ သတင်းအရ ထုတ်လုပ်မှုစွမ်းရည်ရဲ့ ငါးပုံတစ်ပုံကို တရုတ်ကနေ အိန္ဒိယဆီပြောင်းရွှေ့ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

အိန္ဒိယဒေသတွင်း ကုန်ထုတ်လုပ်မှုကို တိုးမြှင့်ခြင်းအားဖြင့် နောက်ငါးနှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀ တန်ဖိုးရှိ စမတ်ဖုန်းတွေ ထုတ်လုပ်သွားနိုင်တယ်လို့ အိန္ဒိယရဲ့ အစိုးရအရာရှိတစ်ဦးက The Economic Times ကို ပြောဆိုခဲ့ပါတယ်။ ဒီအတွက် Wistron နဲ့ Foxconn တို့က အဓိက မိတ်ဖက်တွေအဖြစ်လည်း ရှိနေကြမှာ ဖြစ်ပါတယ်။

အခုအချိန်ထိတော့ Apple ဘက်က ဒီအပြောင်းအရွှေ့နဲ့ပတ်သက်ပြီး တစ်စုံတရာ ထုတ်ဖော်ပြောဆိုခြင်း မပြုသေးပါဘူး။ ဒါပေမယ့်လည်း နီးပညာကုမ္ပဏီကြီးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကတော့ အိန္ဒိယအစိုးရရဲ့ အလှမ်းကျယ်လွန်းတဲ့ PLI စီမံချက်ဟာ ပြဿနာအချို့ရှိနေတယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Apple အနေနဲ့ ကုန်ထုတ်လုပ်မှုပိုင်းမှာ တရုတ်ကိုမှီခိုမှု လျှော့ချဖို့ ကြိုးစားလာတာကတော့ ငြင်းပယ်လို့မရပါဘူး။

Ref: Gizmochina