Apple ဟာ ပုံမှန်အားဖြင့် MacBook Pro အသစ်တွေကို နှစ်ကုန်ပိုင်းမှာ မိတ်ဆက်နေကျဖြစ်ပါတယ်။ ဒါပေမယ့် အခုနောက်ဆုံးသိရှိရတဲ့သတင်းတွေအရတော့ Apple ကနေ ယခုနှစ်အတွက် နောက်ထပ် MacBook အပါအဝင် Product အသစ်တွေကို မိတ်ဆက်ဖို့မရှိတော့ဘူးလို့ သိရပါတယ်။

ဒီအတွက်ကြောင့် MacBook Pro အသစ်တွေဟာ ယခုနှစ်ကုန်ပိုင်းအစား လာမယ့် ၂၀၂၃ ခုနှစ်အစောပိုင်းမှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ ပုံမှန်အားဖြင့် Apple ဟာ နှစ်အစပိုင်းဖြစ်တဲ့ ဇန်နဝါရီလကနေ မတ်လအတွင်းမှာ Product အသစ်တွေကို မိတ်ဆက်လေ့မရှိတာကြောင့် အခုလိုမျိုး သတင်းထွက်ပေါ်လာတာဟာ ထူးခြားနေပါတယ်။

Apple ဟာ ပြီးခဲ့တဲ့နှစ်တုန်းက မတ်လအတွင်းမှာ Mac Studio ကွန်ပျူတာအသစ်ကို မိတ်ဆက်ခဲ့ပြီး လာမယ့် ၂၀၂၃ ခုနှစ် မတ်လမတိုင်ခင်မှာ M2 Pro နဲ့ M2 Max Chip တွေကို အသုံးပြုထားတဲ့ MacBook Pro 14-inch နဲ့ MacBook Pro 16-inch တွေကို မိတ်ဆက်သွားမယ်လို့ ယူဆရပါတယ်။ အဆိုပါ MacBook Pro အသစ်တွေဟာ Design ပိုင်း ပြောင်းလဲသွားခြင်းမရှိဘဲ Performance ပိုင်းမှာပဲ ပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်။

အခုသတင်းကို Apple နဲ့ ပတ်သက်တဲ့သတင်းတွေကို ပြောကြားနေကျဖြစ်တဲ့ Bloomberg Media မှ Mark Gurman ကိုယ်တိုင်အတည်ပြုပေးခဲ့ပြီးတော့ လာမယ့် macOS Ventura 13.3 နဲ့ iOS 16.3 မိတ်ဆက်မယ့်အချိန်မှာ MacBook Pro အသစ်တွေကို မိတ်ဆက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာ Apple ဟာ M2 Chipset ကို အသုံးပြုထားတဲ့ MacBook Pro 13-inch နဲ့ MacBook Air တွေကိုပဲ မိတ်ဆက်ထားသလို iPad Pro အသစ်တွေမှာလည်း M2 Chip ကို စတင်အသုံးပြုနေပြီဖြစ်ပါတယ်။ ဒါကြောင့် MacBook Pro အသစ်တွေမှာ အသုံးပြုလာမယ့် M2 Pro နဲ့ M2 Max Chip တွေက ဘယ်လောက်ထိ စွမ်းဆောင်နိုင်မလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China