Apple ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က စတင်ပြီး iPhone 14 ၊ iPhone 14 Plus ၊ iPhone 14 Pro နဲ့ iPhone 14 Pro Max ဆိုပြီး Model ၄ မျိုး သတ်မှတ်ရောင်းချနေတာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့လည်း လက်ရှိ iPhone 14 Pro Max ဖုန်းဟာ $1,099 ကနေ စတင်ရောင်းချနေတာဖြစ်ပါတယ်။

ဒါပေမယ့် လောလောဆယ်ထွက်ပေါ်လာတဲ့သတင်းတွေအရ Apple ဟာ လက်ရှိ iPhone 14 Pro Max ထက်တောင် စျေးပိုကြီးတဲ့ iPhone Model အသစ်တစ်မျိုးကို ထည့်သွင်းမိတ်ဆက်ဖို့ စီစဥ်နေပြီလို့ သိရပါတယ်။ အဆိုပါသတင်းကို Bloomberg Media မှ Mark Gurman ကိုယ်တိုင် ပြောကြားခဲ့တာဖြစ်ပြီး အစောဆုံး လာမယ့် ၂၀၂၄ ခုနှစ် (သို့မဟုတ်) iPhone 16 Series မှာ စတင်ထည့်သွင်းသွားဖို့ စီစဥ်နေပြီဖြစ်ပါတယ်။

အစောပိုင်းတုန်းကလည်း Apple ကနေ အလားတူ စျေးပိုကြီးပြီး ပိုကောင်းတဲ့ iPhone Ultra Model ကို မိတ်ဆက်လာနိုင်တယ်ဆိုပြီး သတင်းထွက်ပေါ်ခဲ့ဖူးတာကြောင့် ဒါက ဖြစ်နိုင်ခြေများနေပါတယ်။ Apple ဟာ မနှစ်တုန်းကလည်း စျေးနှုန်းပိုမြင့်မားပြီး Titanium ကိုယ်ထည်ကို အသုံးပြုထားသလို Feature ပိုမိုစုံလင်တဲ့ Apple Watch Ultra Model ကို ထူးထူးခြားခြား မိတ်ဆက်ခဲ့ဖူးပါတယ်။

ဒါကြောင့် Apple ရဲ့ စျေးပိုကြီးလာမယ့် iPhone Ultra Model ဟာ ပုံမှန် iPhone Pro Series ဖုန်းတွေနဲ့ ဘယ်လောက်ထိ ပိုပြီးကွာခြားသွားမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ အထူးသဖြင့် iPhone 14 Pro Max ဖုန်းဟာ $1,099 ကနေ စတင်ရောင်းချနေတာကြောင့် iPhone Ultra Model ဟာ $1,500 ဝန်းကျင် (မြန်မာငွေ ၄၅ သိန်းဝန်းကျင်) လောက်ကနေ စတင်ရောင်းချသွားနိုင်ပါတယ်။

Ref – 9to5Mac