Apple ဟာ iPhone 12 စီးရီးရဲ့ မျှော်မှန်းဝယ်လိုအားကို ဖြည့်တင်းနိုင်ဖို့အတွက် ထုတ်လုပ်မှုကို တိုးမြှင့်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် ချမှတ်ထားတဲ့ ရည်မှန်းချက်ကို ပြည့်မီအောင် ၂၀၂၀ မှာ ဆောင်ရွက်နိုင်ဖွယ်မရှိဘူးလို့လည်း သုံးသပ်ကြပါတယ်။

Apple ရဲ့ တပ်ဆင်မှုလုပ်ငန်းမိတ်ဖက်တွေဖြစ်ကြတဲ့ Foxconn နဲ့ Pegatron တို့ဟာ လိုအပ်ချက်ကိုပြည့်မီအောင်လို့ အပြည့်အဝလည်ပတ်နိုင်ကြောင်း Nikkei Asia က ရေးသားဖော်ပြခဲ့ပါတယ်။ ဒီစက်ရုံတွေဟာ အောက်တိုဘာ ၁ ရက်နေ့ (တရုတ်အမျိုးသားနေ့) နောက်ပိုင်း Mid-Autumn Festival နဲ့ Golden Week အားလပ်ရက်ရာသီ တစ်လျှောက် မနားတမ်း လည်ပတ်နေတယ်လို့ ဆိုပါတယ်။

စက်တင်ဘာလလယ်ပိုင်းမှာစတင်ခဲ့တဲ့ iPhone 12 ထုတ်လုပ်မှုဟာ အောက်တိုဘာလအစောပိုင်းကစပြီး ထုတ်လုပ်မှု သိသိသာသာမြင့်တက်လာမယ်လို့လည်း Nikkei Asia ရေးသားဖော်ပြထားပါသေးတယ်။ ဒါပေမယ့်လည်း ကမ္ဘာ့ကပ်ရောဂါကြောင့် စမတ်ဖုန်းထုတ်လုပ်မှုနယ်ပယ်တစ်ခုလုံးဟာ ရည်မှန်းချက်ပြည့်မီဖွယ် အကြောင်းမရှိဘူးလို့ ဆိုနိုင်ပါတယ်။

ဒါ့အပြင် Apple ဟာ ယူနစ်ပေါင်း သန်း ၈၀ အထိ ရည်မှန်းထားတယ်ဆိုပေမယ့်လည်း၊ ၂၀၂၀ ပြည့်နှစ်ထဲမှာ iPhone 12 ထုတ်လုပ်မှုပမာဏကို ယူနစ်ပေါင်း ၇၃ သန်းကနေ ၇၄ သန်းကြားမှာပဲ အဆုံးသတ်သွားမယ်လို့လည်း ဆိုပါတယ်။ အကြောင်းရင်းကတော့ ကပ်ရောဂါရဲ့ ရိုက်ခတ်မှုကြောင့် ထုတ်လုပ်မှုနှောင့်နှေးခြင်းနဲ့၊ အခြားဖွံ့ဖြိုးတိုးတက်မှုတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

အစီရင်ခံစာမှာတော့ Apple အနေနဲ့ ဒီနှစ်ထဲမှာ အလားအလာကောင်းခဲ့တယ်ဆိုရင်တောင်မှ၊ ၂၀၂၁ ခုနှစ်အစောပိုင်းမှာ နှောင့်နှေးမှုတွေ ဖြစ်လာမယ်လို့ ဖော်ပြထားပါတယ်။ 5G iPhone တွေထုတ်လုပ်မှုအားလုံးဟာ တရုတ်နိုင်ငံတွင်းမှာ ဖြစ်နေတာကိုလည်း သတိထားရပါမယ်။ ဒါကြောင့် Apple အနေနဲ့ သူ့ရဲ့ထုတ်လုပ်တပ်ဆင်မှုတွေကို တရုတ်နိုင်ငံပြင်ပဆီ ရွှေ့ဖို့လည်း ကြိုးစားရမှာ ဖြစ်ပါတယ်။

တစ်ဖက်မှာတော့ Digitimes ရဲ့ လေ့လာဆန်းစစ်သူတစ်ဦးဖြစ်တဲ့ Luke Lin ကတော့ Apple ရဲ့ ရောင်းအားဟာ ၂၀၂၁ ခုနှစ်ထဲမှာ ယူနစ်ပေါင်း သန်း ၂၀၀ အထိ ရှိလာနိုင်တယ်လို့ ယုံကြည်နေပါတယ်။

Ref: Gizmochina