Google ဟာ လက်ရှိအချိန်မှာ Google Assistant ပါဝင်တဲ့ Smart Speaker တွေနဲ့ Smart Display တွေအများအပြားကို ထုတ်လုပ်ထားသလို တခြားသော Third-party Device တွေလည်း အများအပြားရှိနေပြီဖြစ်ပါတယ်။ အခုလည်း Google Assistant Device တွေကို အသုံးပြုနေတယ်ဆိုရင် သတင်းကောင်းတစ်ခုထွက်ပေါ်လာပြီဖြစ်ပါတယ်။

ဒါကတော့ Google Assistant Device တွေမှာ Music Streaming Service တစ်ခုဖြစ်တဲ့ Apple Music ကိုပါ ချိတ်ဆက်ပြီး အသုံးပြုနိုင်ပြီပဲဖြစ်ပါတယ်။ အစောပိုင်းတုန်းက Google Assistant Device တွေဟာ YouTube Music သို့မဟုတ် Spotify ကိုပဲ အသုံးပြုနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီလိုမျိုး ချိတ်ဆက်ဖို့အတွက်ကတော့ Apple Music ကို Subscribed ပြုလုပ်ထားဖို့လိုအပ်မှာဖြစ်ပြီး Google Home App ကနေ တစ်ဆင့်ချိတ်ဆက်နိုင်မယ်လို့ သိရပါတယ်။ ဒါက Google Assistant Device တွေကို iOS Device သို့မဟုတ် Apple Music ကို ကြိုက်နှစ်သက်လို့ အသုံးပြုနေတဲ့သူတွေအတွက်ကတော့ လုံးဝသတင်းကောင်းတစ်ခုဖြစ်လာမှာပါ။

Apple Music ဟာ လက်ရှိအချိန်မှာ သီချင်းပေါင်း သန်း ၇၀ ကျော်ရှိနေပြီဖြစ်သလို Real-time Lyrics Support နဲ့ ကိုယ်ပိုင် Music Playlist တွေကိုလည်း သေချာဖော်ပြပေးနိုင်တဲ့ Music Streaming Service တစ်ခုဖြစ်ပါတယ်။ အခုလိုမျိုး Google Assistant Device တွေနဲ့ ချိတ်ဆက်လိုက်တဲ့အချိန်မှာလည်း ကိုယ့်ရဲ့ Apple Music ထဲက စိတ်ကြိုက် Playlist တွေကို ဖွင့်ခိုင်းလို့ရမယ်လို့ သိရပါတယ်။

Google က အရင်ဆုံး US ၊ UK ၊ France ၊ Germany နဲ့ Japan Region တွေအတွက် Nest နဲ့ တခြားကိုယ်ပိုင် Assistant Device တွေအတွက် ယခု Apple Music Support Update ကို ထုတ်ပေးနေပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် တခြားသော Region တွေနဲ့ Device တွေမှာလည်း မကြာခင်ရရှိလာတော့မှာဖြစ်ပါတယ်။

Ref – GSM Arena