Tesla ကားတွေဟာ သမားရိုးကျ ကားတွေထက် ပိုပြီး စမတ်ကားတွေလို့ ပြောနိုင်ပါတယ်။ ကုမ္ပဏီရဲ့ ကားတွေမှာ Tesla System ထည့်သွင်းထားပြီး ကားမောင်းရတာ ပိုကောင်းအောင် ပြုလုပ်ပေးတဲ့ Operating System ဖြစ်ပါတယ်။ ဒါ့အပြင် App နဲ့ Service များစွာကို ထောက်ပံ့ထားပါတယ်။ အခုတော့ Tesla Car System မှာ Apple Music မကြာခင် ပါလာတော့မယ်လို့ သတင်းထွက်လာပါတယ်။

Tesla က Model S Long Range ကို လော့စ်အင်ဂျလိစ်က Peterson Automotive Museum မှာ ပြသလိုက်ပြီး အင်တာနက်မှာ ထွက်လာတဲ့ ဓါတ်ပုံတွေအရ အဲဒီကားမှာ Apple Music ထည့်သွင်းထားပါတယ်။ ကားရဲ့ System Version Number က 2022.40.50 ဖြစ်ပြီး User တွေဟာ ကုဒ်ကို Scan လုပ်ကာ Apple Music မှာ Login ဝင်ရပါတယ်။ ဒါဟာ သရုပ်ပြထားတဲ့ ကားဖြစ်ပြီး ပြီးပြည့်စုံတဲ့ ကား မဟုတ်သေးပါဘူး။ Custom Firmware မောင်းနှင်ထားတဲ့အတွက် မရောင်းချသေးပါဘူး။ ဒါပေမယ့် Apple Music မကြာခင် ပါလာမယ်ဆိုတာတော့ တွက်ဆလို့ရသွားပါတယ်။

Tesla Model S

Tesla ကားတွေမှာ Apple Music ပါလာမယ်ဆိုတဲ့ သတင်း ထွက်နေတာ တော်တော်ကြာပါပြီ။ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလမှာ Apple အမည်ဟာ Tesla ကားရဲ့ Placeholder Music Source မှာ ပါလာခဲ့ပါတယ်။ အဲဒီအတွက် Tesla ကားတွေမှာ Apple Music ပါလာတော့မယ်လို့ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် လအနည်းငယ်အကြာမှာ အဲဒီ ကုဒ်ကို ဖျက်လိုက်ပါတယ်။

Tesla ကားတွေမှာ Apple Music  ထည့်သွင်းပေးမယ့် အကြောင်းကို Tesla ရော Apple ကပါ ဘာမှ မပြောသေးပါဘူး။ အဲဒီအတွက် ခန့်မှန်းရခက်နေပါသေးတယ်။ အခု Modified Software က ၁ ခုထဲသော သက်သေ အထောက်အထား ဖြစ်ပါတယ်။

Ref : gizchina