Apple ဟာ အခုအချိန်မှာ iPhone 13 Series ဖုန်းတွေကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း မနှစ်တုန်းကထွက်ရှိထားတဲ့ iPhone 12 Series ဖုန်းတွေဟာလည်း အသုံးပြုသူအများအပြားရှိနေဆဲလို့ ပြောနိုင်ပါတယ်။

အခုလည်း Apple ကနေ အဆိုပါ iPhone 12 Series ဖုန်းတွေထဲမှာမှ iPhone 12 နဲ့ iPhone 12 Pro ဖုန်းတွေကို အသုံးပြုနေတဲ့သူတွေအတွက် သတင်းကောင်းတစ်ခုကို ကြေညာထားပါတယ်။ ဒါကတော့ iPhone 12 နဲ့ iPhone 12 Pro ဖုန်းတွေမှာ Speaker နဲ့ ပတ်သက်ပြီး ပြဿနာတစ်ခုခုကြုံတွေ့နေရတယ်ဆိုရင် Apple ဘက်ကနေ အခမဲ့ပြင်ဆင်ပေးသွားမှာပဲဖြစ်ပါတယ်။

အခုလိုမျိုး Service Program အသစ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၀၂၀ ခုနှစ်နဲ့ ဧပြီလ ၂၀၂၁ ခုနှစ်တုန်းက ထုတ်ခဲ့တဲ့ဖုန်းတွေအတွက်ပဲ အကျုံးဝင်တာဖြစ်ပြီး ဖုန်းပြောဆိုတဲ့အချိန်မှာ Receiver ကနေ ဘာအသံမှမထွက်တာမျိုးအတွက်ပဲဖြစ်ပါတယ်။ တကယ်လို့ အဆိုပါ ပြဿနာကို ကြုံတွေ့နေရတယ်ဆိုရင် Apple Authorized Service Provider ဆီမှာ အခမဲ့သွားရောက်ပြင်ဆင်နိုင်မယ်လို့ သိရပါတယ်။

Apple ရဲ့ ပြောကြားချက်အရတော့ ယခု Service Program ဟာ တကမ္ဘာလုံးအတွက် အကျုံးဝင်တယ်ဆိုပေမယ့် တစ်ချို့သောနိုင်ငံတွေမှာတော့ ဝယ်ယူတဲ့နိုင်ငံပေါ်မှုတည်ပြီး ဝန်ဆောင်မှုပိုင်း ရရှိနိုင်မှုကွာခြားနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ အချိန်ကာလအနေနဲ့ကတော့ Retail အနေနဲ့ ရောင်းချပြီး ၂ နှစ်အတွင်း လာရောက်ပြသနိုင်တာကြောင့် တကယ်လို့ သုံးနေတုန်း အလားတူပြဿနာဖြစ်ပေါ်လာပြီဆိုရင် Apple ဆီမှာ သွားရောက်ပြသကြည့်သင့်ပါတယ်။

ယခု အခမဲ့ပြင်ဆင်နိုင်တဲ့ Service Program ထဲမှာ iPhone 12 နဲ့ iPhone 12 Pro ပဲပါဝင်မှာဖြစ်ပြီး ကျန်တဲ့ iPhone 12 Series ဖုန်းတွေဖြစ်တဲ့ iPhone 12 mini နဲ့ iPhone 12 Pro Max ဖုန်းတွေတော့ ပါဝင်မှာမဟုတ်ပါဘူး။

Ref – GSM Arena