Apple ဟာ လာမယ့် ၂၀၂၁ ခုနှစ်အတွင်းမှာ AirPods Pro အသစ်တွေကို မိတ်ဆက်သွားမယ်ဆိုပြီး သတင်းတွေထွက်ရှိနေတာဖြစ်ပါတယ်။ အခုလည်း AirPods Pro အသုံးပြုသူတွေအတွက် သတင်းကောင်းတစ်ခုထွက်ပေါ်လာပြီဖြစ်ပါတယ်။ ဒါကတော့ AirPods Pro တွေကို အသုံးပြုနေတဲ့အချိန်မှာ အသံပိုင်း ပြဿနာတစ်ခုခုရှိနေခဲ့တယ်ဆိုရင် အသစ်ပြန်လည်လဲလှယ်ပေးသွားမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ယခုသတင်းဟာ Apple AirPods Pro တွေအတွက် Support Page မှာ ဖော်ပြထားတဲ့အတွက် တရားဝင်ဖြစ်ပြီးတော့ အောက်တိုဘာလ ၂၀၂၀ မတိုင်ခင် ထုတ်လုပ်ထားခဲ့တဲ့ AirPods Pro တွေပဲ အသစ်လဲလှယ်မှုမှာ အကျုံးဝင်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် အဲ့ဒီအချိန်အရှေ့ပိုင်းမှာ ထွက်ရှိထားတဲ့ AirPods Pro တွေက အသံပိုင်းမှာ ပြဿနာအနည်းငယ်ရှိနေတတ်တဲ့ပုံစံပါပဲ။

အဆိုပါ ပြဿနာတွေကတော့ ဖုန်းပြောနေတဲ့အချိန် သို့မဟုတ် Exercise ပြုလုပ်နေတဲ့အချိန်မှာ Crackling သို့မဟုတ် Static Sound တွေထွက်ပေါ်တာနဲ့ Active Noise Cancellation Feature ကောင်းကောင်းအလုပ်မလုပ်တာတွေ ပါဝင်တယ်လို့ သိရပါတယ်။ တကယ်လို့ ယခုပြဿနာတွေ ကြုံတွေ့နေရတယ်ဆိုရင် Apple Authorized Center တွေက အခမဲ့စစ်ဆေးပေးမှာဖြစ်ပြီး ဖြစ်ပွားတာမှန်ကန်တယ်ဆိုရင် အသစ်လဲလှယ်ပေးသွားမှာပါ။

ဘာပဲဖြစ်ဖြစ် AirPods Pro ကို အသုံးပြုနေပြီး ယခု အသံပိုင်းမှာ ပြဿနာတွေကို ကြုံတွေ့နေရတယ်ဆိုရင် စစ်ဆေးပြီး အသစ်လဲလှယ်နိုင်ပြီဖြစ်ပါတယ်။

Ref – Gizmo China