အရင်က ကောလာဟလသတင်းတွေ ထွက်ခဲ့တဲ့အတိုင်းပဲ Apple ဟာ မကြာခင်ထွက်လာမယ့် Siri အသစ်အတွက် Google ရဲ့ Gemini ကို ရွေးချယ်လိုက်ပါပြီ။ CNBC က ရရှိထားတဲ့ ထုတ်ပြန်ချက်အရ ဒါဟာ နှစ်ရှည်လက်တွဲမှုတစ်ခုဖြစ်ပြီး အနာဂတ် Apple foundational models တွေအတွက် Google ရဲ့ Gemini models တွေနဲ့ cloud နည်းပညာတွေကို မှီခိုအားပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Apple က “သေချာဆန်းစစ်လေ့လာပြီးတဲ့နောက်မှာ Google ရဲ့ နည်းပညာက Apple Foundation Models တွေအတွက် စွမ်းဆောင်ရည်အရှိဆုံး အခြေခံအုတ်မြစ်ကို ပေးစွမ်းနိုင်တယ်ဆိုတာ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အသုံးပြုသူတွေအတွက် ရရှိလာမယ့် ဆန်းသစ်တဲ့ အတွေ့အကြုံသစ်တွေအတွက်လည်း စိတ်လှုပ်ရှားမိပါတယ်” လို့ ပြောကြားထားပါတယ်။

ဒီသတင်းကြောင့် Apple ရော Google ရဲ့ ရှယ်ယာတွေပါ မြင့်တက်သွားခဲ့ပါတယ်။ AI စနစ်ပါဝင်တဲ့ Siri ဟာ အကြိမ်ကြိမ် ကြန့်ကြာနေခဲ့တာပါ။ ပြီးခဲ့တဲ့ မတ်လတုန်းက Apple ဟာ ကြန့်ကြာမှုတစ်ခုရှိကြောင်း ဝန်ခံခဲ့ပြီး Siri အသစ်ကို “လာမယ့်နှစ်အတွင်း” ထုတ်ပေးမယ်လို့ ကတိပေးခဲ့ပေမယ့် အဲဒီကာလက နောက်ထပ် နှစ်လလောက်ဆိုရင် ပြည့်တော့မှာဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ လောလောဆယ်အထိတော့ ထွက်ရှိလာမယ့် အချိန်ကာလနဲ့ပတ်သက်ပြီး Apple ဘက်က တရားဝင်သတင်းအချက်အလက် တစ်စုံတစ်ရာ မျှဝေထားခြင်း မရှိသေးပါဘူး။
Ref : gsmarena