အခုအချိန်က 5nm process နဲ့ Chip တွေ စပြီးထွက်ပေါ်လာကာစရှိသေးတဲ့အချိန်ဆိုပေမယ့် နည်းပညာကုမ္ပဏီကြီးတွေကတော့ နောက်ထပ်တစ်ဆင့်မြင့်တဲ့အကြောင်းကိုပဲ တွေးတောပြီးလုပ်ကိုင်နေကြပြီ ဖြစ်ပါတယ်။ အဲဒါကတော့ Apple နဲ့ TSMC တို့ကြားက 3nm နဲ့ 4nm node တွေအတွက် ကြီးမားတဲ့ အစီအစဉ်တွေ ချမှတ်ညှိနှိုင်းနေတာပဲ ဖြစ်ပါတယ်။

ထွက်ပေါ်နေတဲ့သတင်းတွေအရ Apple ဟာ လာမယ့် ၂၀၂၂ ခုနှစ်မှာ 3nm chip ထုတ်လုပ်မှုအတော်များများကို ကြိုတင်မှာယူဖို့ သေချာတဲ့သဘောတူညီမှုတစ်ခု ပြုလုပ်ထားပြီလို့ သိရပါတယ်။ ဒီ Chip တွေဟာ အနာဂတ် iPads တွေနဲ့ MacBooks တွေရဲ့ စွမ်းရည်ကိုမြှင့်တင်ပေးဖို့ဖြစ်တယ်လို့ ဒီကိစ္စနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က ဆိုပါတယ်။

ဒါကြောင့် အနည်းဆုံးတော့ လာမယ့်တစ်နှစ်အတွင်းမှာ 5nm ဒါမှမဟုတ် 5nm+ chip တွေကို ထပ်ပြီးအသုံးပြုနေဦးမယ်လို့ ယုံကြည်ရပါတယ်။ တစ်ဘက်ကိုကြည့်လိုက်ပြန်ရင်လည်း TSMC ဟာ Certification process အတွက် အဆင်သင့်နီးပါးဖြစ်နေတာကို တွေ့မြင်ရပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ တိုးတက်မှုတွေအရ TSMC အနေနဲ့ လာမယ့် ၂၀၂၁ ခုနှစ်မှာ စမ်းသပ်ထုတ်လုပ်မှုကို ပြုလုပ်လာမယ့်အနေအထားတစ်ရပ်မှာရှိနေပြီး၊ ၂၀၂၂ မှာတော့ ဒီ Chip တွေကို အလုံးအရင်းလိုက် ထုတ်လုပ်လာဖွယ်ရှိနေတာလည်း ဖြစ်ပါတယ်။ MacBook နဲ့ iPads တွေရဲ့ M-series chips နဲ့ပတ်သက်တဲ့ကောလာဟလတွေအရ ၂၀၂၂ မှာလည်း iPhone တွေဟာ အလားတူနည်းပညာကို အသုံးပြုလာဖွယ်ရှိနေပါတယ်။

Ref: GSM Arena