Apple ဟာ မကြာသေးခင်ကပဲ အိန္ဒိယနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက Apple Store မှာ App တွေ၊ Game တွေရဲ့ ဈေးနှုန်းကို တိုးမြှင့်ခဲ့ပါတယ်။ အခုတော့ Apple ဟာ တရုတ်ဘက်ကို အာရုံစိုက်နေပြန်ပါပြီ။ Apple က နောက်ဆုံးရက်ကို ပြင်ဆင်ပြီး သက်တမ်းထပ်တိုးပေးပေမယ့် Publisher တွေက လိုင်စင်မလုပ်ကြပါဘူး။

ဒါကြောင့် Apple ဟာ သတ်မှတ်ရက်အတွင်း သက်တမ်းတိုးခြင်း၊ လိုင်စင်လုပ်ခြင်း မရှိတဲ့ App တွေကို China App Store ကနေ ဖယ်ရှားနေခဲ့ပြီး၊ လက်ရှိအချိန်အထိ ဂိမ်းတွေအပါအဝင်ဆိုရင် ထောင်ပေါင်းများစွာ ဖြစ်နေပြီလို့ သိရပါတယ်။ ရိုက်တာသတင်းဌာနရဲ့ ဖော်ပြမှုအရ China App Store ကနေ Apple ဖယ်ရှားခဲ့တဲ့ Game App အရေအတွက်ဟာ ၃ သောင်း ၉ ထောင် အထိ ရှိနေပြီလို့ သိရပါတယ်။

ဒီလို ဖယ်ရှားလိုက်ရခြင်းအကြောင်းရင်းကတော့ အထက်မှာဖော်ပြခဲ့သလိုဘဲ၊ မူလသတ်မှတ်ထားတဲ့ နောက်ဆုံးရက်ကို ပြင်ဆင်ပြီး၊ သက်တမ်းထပ်တိုးပေးတဲ့ရက်လည်း ကျော်လွန်သွားတာတောင်၊ App Publisher တွေဘက်က လိုင်စင်သက်တမ်းတိုးမြှင့်လာခြင်းမရှိတာကြောင့် ဖြစ်ပါတယ်။ Apple က သတ်မှတ်ပေးထားတဲ့ နောက်ဆုံးရက်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ရဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ဖြစ်ပါတယ်။

အစောကတည်းက Apple ဟာ Publishers တွေအတွက် လိုင်စင်ပြုလုပ်ဖို့ ညွှန်ကြားချက်ကို တရုတ်အစိုးရကတစ်ဆင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ ဒါဟာ App Store မှာ ဝယ်ယူသုံးစွဲခွင့် ပြုခြင်းလည်း ဖြစ်ပါတယ်။ အမှန်တကယ်တမ်းတော့ ဒီလိုင်စင်သက်တမ်းတွေဟာ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကတည်းက ပြီးဆုံးသွားပြီဖြစ်ပေမယ့် Apple က ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ သက်တမ်းတိုးပေးခဲ့တာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Apple ကဖယ်ရှားလိုက်ရတဲ့ App အရေအတွက်ကတော့ ၄ သောင်း ၆ ထောင်ကျော်ခဲ့ပြီလို့ သိရပါတယ်။ ဒီဖြစ်ရပ်က Ubisoft ရဲ့ Assassins’s Creed Identity နဲ့ NBA 2K20 တိုလည်း ထိခိုက်မှုဖြစ်ခဲ့ရပါတယ်။ တကယ်တော့ ထိပ်တန်းဂိမ်းပေါင်း ၁၅၀၀ မှာ ၇၄ ခုသာ ဖြတ်တောက်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

Ref: Gizmochina