Apple ဟာ အိန္ဒိယနိုင်ငံအတွင်းမှာ iPhone တွေအပြင် တခြားသော AirPods နဲ့ Mac ကွန်ပျူတာတွေကို ပြောင်းရွေ့ထုတ်လုပ်နေတာ အချိန်အတော်ကြာမြင့်နေပြီဖြစ်ပါတယ်။ အခုလိုမျိုး အိန္ဒိယနိုင်ငံအတွင်းမှာ Apple Product ကို ထုတ်လုပ်နေပေမယ့် အခုအချိန်အထိ သီးသန့် Apple Store ကို ဖွင့်လှစ်ထားခြင်းမရှိပါဘူး။

ဒါကြောင့် မကြာခင်မှာ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့တော်မှာ ပထမဆုံးသော Apple Store ကို ယခုလကုန်ပိုင်းမှာ တရားဝင်ဖွင့်လှစ်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ Apple Store ဟာ Premium Jio World Drive Mall မှာ ဖွင့်လှစ်ထားမှာဖြစ်ပြီး Bandra Kurla Complex အတွင်းမှာ တည်ရှိတာကြောင့် နာမည်ကို Apple BKC လို့ နာမည်ပေးထားတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ Apple က အဆိုပါ Apple BKC Store ရဲ့ အပြင်ပိုင်းဓါတ်ပုံကိုပဲ ဖော်ပြခဲ့ပြီး အတွင်းပိုင်းကိုတော့ ဖွင့်လှစ်ပြသထားခြင်းမရှိသေးပါဘူး။ ဒါပေမယ့် သတင်းတွေအရ အကျယ်အနေနဲ့ ၂၂,၀၀၀ စတုရန်းပေ ရှိမယ့်အပြင် Los Angeles ၊ New York ၊ Beijing ၊ Milan နဲ့ Singapore မှာရှိတဲ့ Apple Store တွေလိုမျိုး Flagship Architecture Design တည်ဆောက်ထားမယ်လို့ ယူဆရပါတယ်။

အိန္ဒိယနိုင်ငံအတွင်းမှာ ပထမဆုံးအနေနဲ့ Apple Store ဖွင့်လှစ်မယ့်အထိမ်းအမှတ်အနေနဲ့ Apple ဟာ iPhone ၊ iPad နဲ့ Mac ကွန်ပျူတာတွေအတွက် အထူးသီးသန့် Wallpaper တွေကိုထုတ်ပေးခဲ့သလို Special Logo Design နဲ့ “Sound of Mumbai” လို့ နာမည်ပေးထားတဲ့ Apple Music Playlist ကိုပါ မိတ်ဆက်ခဲ့ပါတယ်။

Ref – GSM Arena