လက်ရှိအချိန်မှာ တကမ္ဘာလုံးမှာရှိတဲ့ Chipset ထုတ်လုပ်မှုတွေဟာ ပုံမှန်ပြန်မဖြစ်သေးတာကြောင့် Chip Shortage ပြဿနာကို ကြုံတွေ့နေရတုန်းပဲဖြစ်ပါတယ်။ ဒီထဲမှာ ကွန်ပျူတာကုမ္ပဏီတွေအပြင် စမတ်ဖုန်းကုမ္ပဏီတွေလည်း အများအပြားပါဝင်နေတာဖြစ်ပါတယ်။ အခုလည်း Apple ဟာ Global Chip Shortage ပြဿနာကြောင့် iPad ထုတ်လုပ်မှုကို လျော့ချရတော့မှာဖြစ်ပါတယ်။

အဆိုပါ သတင်းကိုတော့ Nikkei Asia ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Apple ဟာ လက်ရှိ iPhone 13 Series တွေရဲ့ ထုတ်လုပ်မှုကို မထိခိုက်စေဖို့အတွက် iPad ထုတ်လုပ်မှုကို လျော့ချခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဒါပေမယ့် ဘယ်လောက်ပမာဏအထိ လျေ့ာချခဲ့သလဲဆိုတာကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။

iPad တွေဟာ လက်ရှိ COVID-19 ကြောင့် အိမ်မှာနေပြီး အလုပ်လုပ်မှုတွေနဲ့ အွန်လိုင်းကနေ စာသင်ကြားမှုမြင့်တက်လာတာကြောင့် မနှစ်တုန်းက အသုံးပြုမှုတွေဟာ ၅၃.၂ သန်းအထိရှိခဲ့ပြီး စျေးကွက်အသုံးပြုမှုမှာ ၆.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာဆိုရင် တကမ္ဘာလုံးမှာရှိတဲ့ Tablet စျေးကွက်ရဲ့ ၃ ပုံ ၁ ပုံအထိကို iPad တွေက နေရာယူထားနိုင်ပြီလို့ သိရပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်မှာတော့ iPhone 13 ရဲ့ ဝယ်လိုအားက ပိုမြင့်မားနေတာကြောင့် အခုလိုမျိုး iPad ထုတ်လုပ်မှုကို လျော့ချလိုက်ပုံရပါတယ်။

Apple iPhone 13 Series ဖုန်းတွေဟာ နောက်ဆုံးထွက်ရှိထားတဲ့ iPad mini လိုမျိုးပဲ A15 Bionic Chip ကို အသုံးပြုထားတာဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါ iPad mini ဟာ ထုတ်လုပ်မှုလျော့ချတဲ့အထဲမှာ အဓိကပါဝင်နိုင်ပြီး Apple ရဲ့ CFO Luca Maestri ကလည်း အဆိုပါ iPad ကပဲ Apple Product တွေထဲမှာ တစ်ခုတည်းသော ထုတ်လုပ်မှုပိုင်းမှာ လျော့ကျမှုရှိမယ်လို့ ပြောကြားခဲ့ပါတယ်။

Ref – GSM Arena