Apple ဟာ မကြာသေးခင်တုန်းက M1 Chip ကို အသုံးပြုထားတဲ့ iPad Pro အသစ်တွေကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Apple M1 Chip ဟာ လက်ရှိ MacBook Air နဲ့ MacBook Pro တွေမှာ အသုံးပြုနေတဲ့ Chipset ဖြစ်ပြီး စွမ်းဆောင်ရည်ပိုင်းမှာ တခြားပုံမှန် Laptop တွေထက် အများကြီးပိုပြီး မြန်ဆန်နေတာဖြစ်ပါတယ်။

ဒီလိုမျိုး စွမ်းဆောင်ရည်အလွန်ကောင်းမွန်တဲ့ Chip ကို iPad Pro တွေမှာ ထည့်သွင်းပေးလိုက်ပေမယ့် အားနည်းချက်တစ်ခုရှိခဲ့ပါတယ်။ ဒါကတော့ လက်ရှိ iPadOS ဟာ Application တွေအတွက် RAM ကို 5GB ထက်ပိုပြီး အသုံးပြုခွင့်မပေးထားတာပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် iPad Pro 12.9 မှာ အမြင်ဆုံး 16GB RAM အထိ ပါဝင်တယ်ဆိုပေမယ့် Application တွေအနေနဲ့ ၃ ပုံ ၁ ပုံတောင် အသုံးချနိုင်ခြင်းမရှိခဲ့ဘူးလို့ ပြောရမှာပါ။

ဒါပေမယ့် အခုအချိန်မှာတော့ Apple ကနေ ဒီလိုမျိုး RAM Limit ပြုလုပ်ထားတာကို ဖယ်ရှားနိုင်ဖွယ်ရှိနေပါတယ်။ ဘာကြောင့်လဲဆိုရင် နောက်ဆုံးထွက်ရှိထားတဲ့ iOS နဲ့ iPadOS 15 Beta 2 မှာ Application တွေအနေနဲ့ Support ပြုလုပ်တဲ့ Device တွေမှာ RAM Limit ကို ဖယ်ရှားပြီး အသုံးပြုနိုင်မယ့် Option တစ်ခုပါဝင်လာတာကြောင့်ဖြစ်ပါတယ်။

အခုလိုမျိုး ပါဝင်လာတယ်ဆိုပေမယ့် လက်ရှိအချိန်အထိ အသုံးပြုနိုင်ခြင်းမရှိသေးတဲ့အတွက် ဘယ်လိုမျိုး အလုပ်လုပ်မလဲဆိုတာကတော့ အတိအကျမသိရှိရသေးပါဘူး။ iPad အတွက် Application တွေဟာ တခြားသော Android App တွေနဲ့ ယှဥ်ရင် လုပ်ဆောင်နိုင်စွမ်းမြင့်မားတယ်ဆိုပေမယ့်လည်း macOS Application တွေအသုံးပြုနိုင်ခြင်းမရှိတဲ့အတွက် RAM Limit ဖြုတ်လိုက်ရင်တောင်မှ သိသိသာသာကွာခြားနိုင်ပါ့မလားဆိုတာကလည်း မေးခွန်းထုတ်စရာပါ။

Ref – Tech Spot