Canalys က ၂၀၂၀ ခုနှစ် ကွာတား ၂ ဖြစ်တဲ့ ဧပြီလကနေ ဇွန်လအတွင်း ကမ္ဘာ့ စမတ်ဖုန်း ရောင်းအားကို ထုတ်ပြန်လိုက်ပါတယ်။ ကိုဗစ် ၁၉ ကြောင့် ဒီနှစ် ကွာတား ၁ ဖြစ်တဲ့ ဇန်နဝါရီလကနေ မတ်လအတွင်းကနေ ဖုန်း ရောင်းအား သိသိသာသာ ကျဆင်းခဲ့ပေမယ့် Apple ကတော့ ရောင်းအား အကောင်းဆုံး ဖြစ်နေခဲ့ပါတယ်။ ကိုဗစ် ကာလမှာ အရင်နှစ်ကထက် ရောင်းအား တက်နေခဲ့တာက အံ့အားသင့်စရာပါ။

ကမ္ဘာ့ ဖုန်းရောင်းအားဟာ ကွာတား ၂ မှာ ၁၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဖုန်း အလုံးရေ ၂၈၄.၇ သန်းပဲ ရောင်းချနိုင်ခဲ့ပါတယ်။ အရင်နှစ် ကွာတား ၂ မှာ အလုံးရေ ၃၃၁.၈ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ Samsung က အရင်နှစ်ကထက် ၃၀ ရာခိုင်နှုန်း၊ OPPO က ၁၆ ရာခိုင်နှုန်း၊ Xiaomi က ၁၀ ရာခိုင်နှုန်းနဲ့ Huawei က ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

Apple ဟာ ကုမ္ပဏီရဲ့ ၃၉၉ ဒေါ်လာတန် ဈေးအချိုဆုံး ဖုန်းဖြစ်တဲ့ iPhone SE  2020 ကြောင့် ရောင်းအားတက်လာခဲ့တာ ဖြစ်ပြီး ကွာတား ၂ ရောင်းအားရဲ့ ၂၈ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။ Apple ဟာ တရုတ်မှာလည်း ရောင်းအား ၃၅ ရာခိုင်နှုန်း တက်လာပြီး အလုံးရေ ၇.၇ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ ကိုဗစ် ကာလမှာ ရောင်းအား ကောင်းချင်ရင်တော့ ဈေးချိုတဲ့ ဖုန်းတွေကို ကုမ္ပဏီတွေ ပိုမို ထုတ်လုပ်ရောင်းချဖို့လိုတယ်ဆိုတာ ဒီစစ်တမ်းက ဖော်ပြနေပါတယ်။

Ref : gsmarena