စမတ်ဖုန်းလောကမှာ Samsung ရဲ့ ထိပ်ဆုံးနေရာကို Huawei က ကျော်တက်ဖို့ အတော်လေးကို နီးစပ်ခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံကြားက စူပါ ပါဝါအားပြိုင်မှုကြားမှာ Huawei ဟာ အမျိုးသားလုံခြုံရေးခေါင်းစဉ်အောက်ရောက်သွားပြီး အရာရာကို အစက ပြန်စနေရပါတယ်။

Apple ကတော့ အစကတည်းက တစ်သီးတစ်သန့်နဲ့ ကိုယ့်လမ်းကိုယ်လျှောက်သိဒ္ဓိပေါက် နေခဲ့တဲ့ အမှတ်တံဆိပ်ပါ။ Samsung နဲ့ Huawei နေရာလုနေကြတုန်းကလည်း Apple က အေးအေးဆေးဆေးပါပဲ။ အခု Huawei က ပြိုင်ပွဲရဲ့အပြင်ဘက်ကိုရောက်သွားတော့လည်း Samsung ကသာ တခြား တရုတ်အမှတ်တံဆိပ်တွေနဲ့ ဆက်ပြီးအလုပ်ရှုပ်နေခဲ့ပေမဲ့ Apple ကတော့ ခပ်အေးအေးပဲ လေချွန်ရင်းလမ်းလျှောက်နေတုန်းပဲလို့ ပြောရမှာဖြစ်ပါတယ်။

အခုတော့ Apple ရဲ့ထုတ်ကုန်တွေဖြစ်တဲ့ iPhones, iPads, Macs နဲ့ တခြား Hardware တွေကို အသုံးပြုနေတဲ့ Active device အရေအတွက်ဟာ ၂ ဘီလီယံကျော်လာခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်တုန်းက Active device အရေအတွက်ဟာ ၁ ဘီလီယံကျော်ပဲ ရှိခဲ့ပေမဲ့ ၂၀၂၀ ပြည့်နှစ်အစမှာ Active device အရေအတွက်ဟာ ၁.၅ ဘီလီယံကို ရောက်ရှိလာခဲ့ပါတယ်။

Apple ဟာ လွန်ခဲ့တဲ့တစ်နှစ်အတွင်း ၁.၈ ဘီလီယံအထိ မြင့်တက်လာခဲ့တဲ့ အရေအတွက်ကို ထပ်ပြီးကျော်ဖြတ်သွားနိုင်စေတာကတော့ ၂၀၂၁ ခုနှစ်က စံချိန်တင်ရောင်းချရမှုကြောင့်လို့လည်း ဆိုနိုင်ပါတယ်။ အထူးသဖြင့် ကမ္ဘာ့ ကပ်ရောဂါကာလအတွင်း ထောက်ပံ့ရေးကွင်းဆက် အခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့တဲ့ ရလဒ်တွေလည်း ဖြစ်ပါတယ်။ ဒီရေတွက်မှုမှာ iOS, macOS နဲ့ Apple ရဲ့ အခြားစက်ပစ္စည်းတွေထည့်သွင်းထားတာလည်း ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်မှာ Google က ဖော်ပြခဲ့တဲ့ Android active device အရေအတွက်ဟာ ၃ ဘီလီယံဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Google ဟာ သူ့ရဲ့ရေတွက်မှုကို Google Play store အသုံးပြုခွင့်ရှိတဲ့ Device တွေကိုပဲ အခြေခံပြီး တွက်ချက်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် Play store မသုံးနိုင်တဲ့ Device တွေနဲ့ တရုတ်နိုင်ငံက Device တွေကိုထည့်သွင်းရေတွက်မယ်ဆိုရင်တော့ ပိုကြီးမားတဲ့ ကိန်းဂဏန်းကို ရရှိမှာ သေချာပါတယ်။

Ref: The Verge