Ming-Chi Kuo ဟာ Apple ထောက်ပံ့ရေးကွင်းဆက်အခြေအနေနဲ့ပတ်သက်တဲ့ သူ့ရဲ့နောက်ဆုံးဆန်းစစ်လေ့လာချက်ကို လွှင့်တင်ခဲ့ပါတယ်။ ဒီ Post မှာ A16 processor, iPhone 14 Pro, iPhone 14 Pro Max တွေနဲ့သက်ဆိုင်တဲ့ အကြောင်းတွေ ပါဝင်လာပါတယ်။

Kuo ရဲ့ အစီရင်ခံစာအရ A16 processor ဟာ iPhone 14 Pro နဲ့ iPhone 14 Pro Max တို့အတွက် သီးသန့်ပဲဖြစ်မယ်လို့ သိရပါတယ်။ ဒါ့အပြင် Apple ဟာ iPhone သစ် High-end မော်ဒယ်တွေကို ၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်မှာ ၅၅−၆၀% အထိ အချိုးအစားတိုးမြှင့်ထုတ်လုပ်မယ်လို့လည်း ဆိုထားပြန်ပါသေးတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်က အချိုးအစားဖြစ်တဲ့ ၄၀−၅၀% နဲ့နှိုင်းယှဉ်ရင် သိသိသာသာ မြင့်တက်လာတာကို တွေ့မြင်နိုင်ပါတယ်။

အမေရိကန်အခြေစိုက် နည်းပညာကုမ္ပဏီကြီးကတော့ iPhone 14 Pro ကို အလုံးရေများများ ပိုရောင်းချနိုင်ဖို့ မျှော်လင့်ထားပြီး ဒီဦးတည်ချက်အတွက် သူ့ရဲ့ ဈေးကွက်ရှာဖွေရေးဗျူဟာတွေကိုလည်း လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ iPhone 14 duo ကတော့ ဒုတိယဦးစားပေး ဖြစ်လာမယ်လို့ ဆိုနိုင်ပါတယ်။

Apple ရဲ့ ဆုံးဖြတ်ချက်အရ တိုးလာတဲ့အချိုးအစားကြောင့် အစိတ်အပိုင်းပေးသွင်းသူတွေလည်း နှစ်စဉ်တိုးတက်မှုစံချိန်မှတ်တမ်းတွေ ဖြစ်ပေါ်လာမယ်လို့ မျှော်လင့်ရပါတယ်။ Sony, Largan နဲ့ LG Innotek တို့ဟာ ပြီးခဲ့တဲ့နှစ်က အမှာစာတွေနဲ့နှိုင်းယှဉ်ရင် ဝင်ငွေ ၂၀−၃၀% ပိုရမယ်လို့ မျှော်လင့်ရပါတယ်။

Kuo က Sony (Sensors တွေ ထုတ်လုပ်သူ) နဲ့ LG Innotek (Color correction matrix ထုတ်လုပ်သူ) ထုတ်ကုန်တွေကို iPhone 14 Pro မှာတွေ့မြင်ရမယ်လို့ ဆိုပါတယ်။ ဒါကြောင့် iPhone 14 မှာတော့ ကတိပြုထားတဲ့ Camera update ကို ရရှိမှာမဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။

Ref: GSM Arena