Apple ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက iPhone 13 Series စမတ်ဖုန်းအသစ်တွေနဲ့ ပြီးခဲ့တဲ့ရက်သတ္တပါတ်တုန်းက MacBook Pro အသစ်တွေအပြင် AirPods 3 ကိုပါ Unleashed Event နာမည်နဲ့ မိတ်ဆက်ထားခဲ့တာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် နှစ်ကုန်ပိုင်းမှာ iPad Pro အတွက် နောက်ထပ် Event တစ်ခုကိုပါ မိတ်ဆက်လေ့ရှိပါသေးတယ်။

အခုအချိန်မှာတော့ Bloomberg Media ရဲ့ Mark Gurman ကနေ Apple ဟာ လာမယ့် နိုဝင်ဘာလအပြင် ယခုနှစ်အတွင်းမှာ နောက်ထပ် Event တွေ ပြုလုပ်နိုင်ခြေမရှိတော့ဘူးလို့ ပြောကြားခဲ့ပါတယ်။ အဲ့ဒါကြောင့် ယခင်တုန်းက သတင်းတွေထွက်နေသလိုမျိုး iPad Pro အသစ်တွေအပြင် Mac Mini အသစ်တွေကလည်း ယခုနှစ်မှာ မိတ်ဆက်တော့မှာမဟုတ်ဘူးလို့ သိရပါတယ်။

Mark Gurman ရဲ့ ပြောကြားချက်အရတော့ Apple ဟာ လာမယ့် ၂၀၂၂ ခုနှစ်မှာပဲ Apple Silicon Chip အသစ်တွေအသုံးပြုထားတဲ့ iMac ၊ Mac Mini နဲ့ MacBook Air တွေကို မိတ်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ iPhone SE အသစ်နဲ့ iPad Pro အသစ်တွေကိုလည်း ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်အတွင်းမှာ မြင်တွေ့ရနိုင်ဖွယ်ရှိနေပါတယ်။

Apple ဟာ လာမယ့် ၂၀၂၂ ခုနှစ်အတွက်မှာ Apple M2 Chip အသစ်အပြင် Design ပြောင်းလဲမှုအများအပြားနဲ့ MacBook Air ကို အဓိကမိတ်ဆက်သွားမှာဖြစ်ပြီး လက်ရှိမိတ်ဆက်ထားပြီးဖြစ်တဲ့ M1 Pro နဲ့ M1 Max Chip တွေကိုလည်း Mac Mini နဲ့ iMac 27″ တွေမှာ ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။ iPhone SE ဟာလည်း iPhone XR Design ကိုမှ A15 Bionic Chip ကို အသုံးပြုထားမှာဖြစ်တာကြောင့် စျေးသက်သာပြီး စွမ်းဆောင်ရည်အကောင်းဆုံး iPhone တစ်လုံးဖြစ်လာဦးမှာပါ။

Ref – 9to5Mac