Apple က ၂၀၂၃ ခုနှစ်ထုတ် Mac Mini အသစ်ကို ကြေညာလိုက်ပြီး M2 နဲ့ M2 Pro Chip တွေ ထည့်သွင်းထားပါတယ်။ Apple ဟာ Mac Mini မှာ Pro Version Chip ထည့်ပေးထားတာ ဒါပထမဆုံးဖြစ်ပြီး အရင်မျိုးဆက်မှာ စွမ်းရည်နိမ့် M1 Chip ပဲ ထည့်ထားတာပါ။

Apple Mac Mini

Mac Mini အသစ်ရဲ့ အခြေခံမော်ဒယ်မှာ M2 Chip , 8GB RAM ,256GB Storage , HDMI Port ၁ ခု, Thunderbolt 4 (USB-C) Port ၂ ခု တပ်ဆင်ထားပါတယ်။ အဲဒီ မော်ဒယ်ကို ၅၉၉ ဒေါ်လာ သတ်မှတ်ထားပြီး မှာယူနိုင်ပြီ ဖြစ်ကာ ဒီလ ၂၄ ရက်နေ့ ရောင်းမှာပါ။

စွမ်းရည်ပိုမြင့်တဲ့ မော်ဒယ်မှာ M2 Pro , 16GB RAM , 512GB SSD Storage တပ်ဆင်ထားပြီး M2 မော်ဒယ်မှာ ပါတဲ့ Port တွေအပြင် Thunderbolt 4 Port ၂ ခု အပို ထည့်ပေးထားပါတယ်။ အဲဒီ မော်ဒယ်ကို ၁,၂၉၉ ဒေါ်လာ သတ်မှတ်ထားပြီး အခြေခံမော်ဒယ်ထက် ၂ ဆ ပိုများပါတယ်။

M2 Chip ကို ၂၀၂၂ ခုနှစ် ဇွန်လမှာ MacBook Air နဲ့ ၁၃ လက်မ MacBook Pro မှာ စတင် မိတ်ဆက်ခဲ့ပြီး နောက်ပိုင်း iPad Pro မှာ ထည့်ပေးခဲ့ပါတယ်။ အခုတော့ ဒတ်စတော့ Device မှာ ပထမဆုံး တပ်ဆင်ပေးလိုက်တာပါ။

Mac Mini အသစ်ဟာ အရင်မျိုးဆက်ထက် သိသိသာသာတိုးတက်လာပြီး စွမ်းရည်မြင့်မားကာ ကျစ်လစ်သေးငယ်ပါတယ်။ တစ်ကိုယ်ရေသုံးဖို့အတွက်ရော အလုပ်အတွက် သုံးဖို့ပါ သင့်တော်ပြီး Mac Mini အသစ်လိုချင်သူတွေနဲ့ Apple ရဲ့ နောက်ဆုံးထုတ် နည်းပညာကို သုံးချင်သူတွေအတွက် ရွေးချယ်စရာပါ။

Ref : gizmochina