Smart Wearable Device တွေဟာ မယုံနိုင်စရာကောင်းလောက်အောင် လူ့အသက်တွေကို ကယ်တင်ပေးနေပါတယ်။ Apple Watch မှာလည်း လူ့အသက် ကယ်တင်ပေးတဲ့ Feature တွေကို စဉ်ဆက်မပြတ်ထည့်သွင်းပေးနေပါတယ်။

Apple Watch 4

အခုလည်း Apple Watch က အသက် ၂၅ နှစ်အရွယ် Brandon Schneider ရဲ့ အသက်ကို ကယ်တင်ပေးလိုက်တဲ့ ဇာတ်လမ်း ၁ ပုဒ်ကို ပြောပြချင်ပါတယ်။ သူဟာ ဝမ်းဗိုက်နာနေတာ ရက်နည်းနည်း ကြာပြီ ဖြစ်တဲ့အတွက် ဆေးရုံကို သွားခဲ့ပါတယ်။ သူဟာ ဆေးရုံက အိမ်သာကို သွားခဲ့ပြီး အထဲမှာ ချော်လဲသွားခဲ့ပါတယ်။ Apple Watch မှာ Fall Detector လို့ခေါ်တဲ့ ပြုတ်ကျ၊ ချော်လဲတာကို အာရုံခံနိုင်တဲ့ Feature ၁ ခု ထည့်သွင်းပေးထားပြီး ၄၅ စက္ကန့်ကြာတဲ့အထိ သူက မထနိုင်၊ တုန့်ပြန်မှု မပြုနိုင်တဲ့ အခါမှာ သူ့ဖခင်ထံ အသိပေးစာ ပို့လိုက်ပါတယ်။

သူ့ ဖခင်က ဆေးရုံကို အကြောင်းကြားခဲ့ပြီးနောက် ဆေးရုံ ဝန်ထမ်းတွေက အိမ်သာထဲ လိုက်သွားတဲ့ အခါမှာ သူဟာ သတိမေ့နေတာကို တွေ့ခဲ့ရပါတယ်။ CT Scan ရိုက်ကြည့်တဲ့အခါမှာ Schneider ဟာ ဦးခေါင်းခွံ အက်သွားတာကို တွေ့ခဲ့ရပါတယ်။ အဲဒီနောက်မှာ အရေးပေါ် ဦးနှောက် ခွဲစိတ်မှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒီလို ထိခိုက်မှုမျိုးဟာ မြန်မြန်ဆန်ဆန် ခွဲစိတ်ကုသမှ အသက်ရှင်နိုင်တာ ဖြစ်ပါတယ်။ Schneider က သူ့ အသက်ကို ကယ်တင်ခဲ့တဲ့ Apple Watch နဲ့ ဆေးရုံကို ကျေးဇူး အရမ်းတင်နေပါတယ်။ သူဟာ Apple Watch ရဲ့ Fall Detector ကို မကြာခင်ကမှ စတင် အသုံးပြုခဲ့တာ ဖြစ်ပြီး ဒီ Feature က ချော်လဲသူဟာ ၄၅ စက္ကန့်အတွင်း မတုန့်ပြန်ရင် မိသားစုဝင်ကို အသိပေးနိုင်သလို Alarm မြည်ကာ အနီးအနားက လူတွေကို အသိပေးနိုင်ပါတယ်။

Ref : gizmochina