Apple ရဲ့ iPhone ၊​ iPad အပါအဝင် Mac ကွန်ပျူတာတွေမှာ အသုံးပြုနေတဲ့ Apple Silicon Chip တွေအကုန်လုံးဟာ ထိုင်ဝမ်နိုင်ငံအခြေစိုက် TSMC ကုမ္ပဏီကနေ အဓိကထုတ်လုပ်ပေးနေတာဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Apple ဟာ TSMC ကုမ္ပဏီရဲ့ ထိုင်ဝမ်စက်ရုံတွေကနေ ထုတ်လုပ်တဲ့ Chip တွေအစား US နိုင်ငံအတွင်းရှိတဲ့ TSMC စက်ရုံက Chip တွေကိုပဲ အသုံးပြုဖို့ စီစဥ်နေတယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

အခုအချိန်မှာတော့ Apple ရဲ့ CEO ဖြစ်တဲ့ Tim Cook ကိုယ်တိုင်ကနေ အဆိုပါ သတင်းကို အတည်ပြုပေးလိုက်ပြီဖြစ်ပါတယ်။ Tim Cook ရဲ့ ပြောကြားချက်အရတော့ Apple ဟာ နောက်ပိုင်းမှာ US ၊​ Arizona ပြည်နယ်မှာ အသစ်ဆောက်လုပ်ထားတဲ့ TSMC စက်ရုံကနေ ထုတ်လုပ်တဲ့ Chip တွေကိုပဲ ဝယ်ယူအသုံးပြုသွားမယ်လို့ သိရပါတယ်။

TSMC ကုမ္ပဏီဟာ အဆိုပါ Arizona ပြည်နယ်မှာရှိတဲ့ Semiconductor စက်ရုံကိုတည်ဆောက်ဖို့အတွက် ဒေါ်လာ ၁၂ ဘီလီယံဝန်းကျင် အကုန်အကျခံထားတယ်လို့ သိရပြီး အစောဆုံး ၂၀၂၄ ခုနှစ်မှာ စတင်ပြီး Chip တွေကို အမြောက်အများထုတ်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။

Tim Cook ကတော့ အခုလိုမျိုး Apple နဲ့ TSMC ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် မကြာခင်မှာ Made in America လို့ နာမည်တပ်နိုင်တဲ့ Chip တွေကို Apple Product တွေမှာ မြင်တွေ့ရတော့မှာဖြစ်တယ်ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာပြောကြားခဲ့ပါတယ်။

Ref – Gizmo China